နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်များ အရောင်းပြပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

နေပြည်တော် ဇန်နဝါရီ ၁၃

၂၀၂၄ ခုနှစ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် MSME ထုတ်ကုန်များ အရောင်းပြပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယ မြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်၊ နေပြည်တော် အဆင့် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် MSME လုပ်ငန်းများနှင့်ပတ်သက်၍ ပြည်နယ်နှင့် တိုင်းဒေသ ကြီးအလိုက် One Region One Product အဓိကထုတ်ကုန်အပါအဝင် အခြားသော ထုတ်ကုန် အမျိုးမျိုးကို ပူးပေါင်းပါဝင်ခင်းကျင်းပြသခြင်းဖြင့် မိမိတို့ ထုတ်ကုန်များအား အချင်းချင်း ပညာရပ် ဆိုင်ရာ ဖလှယ်နိုင်ခြင်း၊ ပြည်သူများ ပြည်တွင်းဖြစ်ကို ပိုမိုဝယ်ယူအားပေးလာနိုင်ခြင်း၊ လုပ်ငန်းများ အတွက် အကြံဉာဏ်အတွေး အခေါ်ကောင်းများ ရရှိစေခြင်းစသည့် ရည်ရွယ်ချက်များဖြင့် MSME ပြခန်းများ ခင်းကျင်းပြသသွားမှာဖြစ်ကြောင်း၊ MSME လုပ်ငန်းရှင်များအနေဖြင့် ဒေသထွက် ထုတ်ကုန်များ၊ အစားအစာများ ပြည်သူများသို့ သင်လျော်သည့်ဈေးနှုန်းများဖြင့် ရောင်းချနိုင်ရေး၊ One Region One Product ထုတ်ကုန်အပါအဝင် MSME ထုတ်ကုန်များအား စုံလင်စွာခင်းကျင်းပြသ ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ MSME ထုတ်ကုန်များ ခင်းကျင်းပြသ ရောင်းချနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ လုပ်ငန်းရှင်များ၊ ဆပ်ကော်မတီများက အောင်မြင်အောင် ပူးပေါင်းဆောင်ရွက် သွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့်ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များက လုပ်ငန်းများ ဆောင်ရွက် မည့် အခြေအနေများ၊ ဒေသထွက် MSME ထုတ်ကုန်များနှင့် အစားအစာများ ခင်းကျင်း ပြသ ရောင်းချမည့် အခြေအနေများကို အသီးသီးရှင်းလင်းဆွေးနွေးတင်ပြကြသည်။ ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ဒုတိယမြို့တော်ဝန်တို့က ရှင်းလင်းဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကားပြောကြးခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)