နေပြည်တော် ဇန်နဝါရီ ၁၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ (၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နေပြည်တော်အတွင်း သားငါးကဏ္ဍဖူလုံရေးအတွက် မွေးမြူရေးကိုစနစ်တကျ တိုးချဲ့ပြီး အောင်မြင်စွာ မွေးမြူဆောင်ရွက်စေလိုကြောင်း၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ပြီး သားငါးကဏ္ဍ GDP တိုးတက် လာစေရန်နှင့် အသားစားသုံးမှုဖူလုံစေရန်အတွက် လက်ရှိမွေးမြူသူများကို နိုင်ငံတော်မှ မတည် ထောက်ပံ့ငွေများ ထုတ်ချေးပေး ခြင်းဖြစ်ကြောင်း၊ မွေးမြူသူများအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် အမှန်တကယ် တိုးတက်အောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ မွေးမြူသူများ အမှန်တကယ် မွေးမြူနိုင်ရေးနှင့် သွင်းအားစုများ မျိုးကောင်းမျိုးသန့်များ၊ အစားအစာများ ထောက်ပံ့ပေး နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများအနေဖြင့် စဉ်ဆက်မပြတ် ကွင်းဆင်းကြည့်ရှုပြီး ထိန်းသိမ်း ကြပ်မတ်ဆောင်ရွက်စေလိုကြောင်း၊ မွေးမြူရေးလုပ်ငန်းများကို စနစ်တကျမွေးမြူမည်ဆိုပါက နေပြည်တော်အတွင်း အသား၊ ငါးနှင့် ဥများကို ဖူလုံစွာဖြင့် စားသုံးနိုင်မှာဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများကို အခြေခံပြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME ထုတ်ကုန် ပစ္စည်းများအား နိုင်ငံတကာဈေးကွက်မီရေးအတွက် ထုတ်လုပ်ခြင်း၊ ထုပ်ပိုးခြင်းများကို အရည်အသွေးမြှင့်တင် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများအနေဖြင့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပြီး One Stop Service ပုံစံမျိုး ဝန်ဆောင်မှု ပေးခြင်းဖြင့် လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ နေပြည်တော်အတွင်းရှိ ဆန်စက်၊ ဆီစက် စသည့် စက်ရုံများမှ ထွက်ရှိသည့် ကုန်ကြမ်း ဘေးထွက်ပစ္စည်းများမှ သဘာဝမြေဩဇာနှင့် တိရစ္ဆန်အစားအစာများ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ လက်ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ MSME လုပ်ငန်းများကို အားသာချက်၊ အားနည်းချက်များ ဖော်ထုတ်ပြီး တိုးတက်အောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာများက ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မွေးမြူရေးနှင့် ကုန်ထုတ် လုပ်မှုတိုးတက်မြင့်မားရေးနှင့် စပ်လျဉ်း၍ လက်ရှိ ဆောင်ရွက် နေသည့်လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို အသီးသီး ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့် ပတ်သက်၍ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)