မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂ဝ၂၄ ခုနှစ်၊ နှစ်(၅ဝ)ပြည့် ရွှေရတု မွန်ပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

မော်လမြိုင် ဇန်နဝါရီ ၁၃                                                

၂၀၂၄ ခုနှစ်၊ နှစ်(၅ဝ)ပြည့် ရွှေရတု  မွန်ပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ၊ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ၂၀၂၄ ခုနှစ်၊ နှစ် ၅၀ ပြည့် ရွှေရတု မွန်ပြည်နယ်နေ့ အခမ်းအနားကို အနှစ်သာရရှိရှိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်ရာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ကော်မတီ အသီးသီးကိုလည်း ဖွဲ့စည်းတာဝန် ပေးအပ်ထားပြီးဖြစ်ကြောင်း၊ မွန်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု ဓ‌လေ့ထုံးတမ်းအစဉ်အလာများကို ဖော်ထုတ်ပြသနိုင်ရေး၊ ဒေသ၏ Food Mark ဖြစ်သည့် အစားအစာနှင့် ထုတ်ကုန်များ၊ ပြည်နယ်၏ အထင်ကရ Land Mark ဖြစ်သည့် အသုံးအဆောင် များကို ထည့်သွင်း ခင်းကျင်းပြသနိုင်ရေး ဆောင်ရွက်ကြစေလိုကြောင်း၊ ရွှေရတုမွန်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်မည့် မွန်တိုင်းရင်းသားရိုးရာ အဆို၊ အက၊ အတီး ပြိုင်ပွဲကို မြို့နယ်အားလုံးမှ ပါဝင်ယှဉ်ပြိုင်နိုင်ရေး ကြိုတင်စီစဉ် ဆောင်ရွက်သွား ရန်လိုအပ်ကြောင်း၊ မွန်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးထမ်း အနုသုခုမအက ပဒေသာ အစီအစဉ်များကိုပါ တမူထူးခြားစွာ အနှစ်သာရရှိရှိဖြင့် ဖျော်ဖြေတင်ဆက်ပြသနိုင်ရေး အတွက်လည်း မြို့နယ်များရှိ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့ဝင်များနှင့် ဆက်သွယ် ညှိနှိုင်းဆောင်ရွက်သွားရန်၊ တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီဝင်များအားလုံးမှ ရွှေရတုမွန်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနား များအားလုံး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စွမ်းစွမ်းတမံကြိုးပမ်း ဆောင်ရွက်သွားကြစေလိုကြောင်းနှင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေး ကြစေလိုကြောင်းဖြင့် ပြောကြားခဲ့သည်။ ထို့နောက် အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီဝင်များက နှစ်(၅ဝ)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြသည်။ ဆက်လက်၍ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြ ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ်  လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)