ပုသိမ်ကြီး ဇန်နဝါရီ ၁၃
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်ရှိ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် (မန္တလေး)၌ ယမန်နေ့ နံနက် ၁၀နာရီက မြတ်ရတနာခန်းမတွင် မောင်မယ်သစ်လွင် ကြိုဆိုပွဲကျင်းပသည်။
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် (ငြိမ်း) သီရိပျံချီ၊ ဝဏ္ဏကျော်ထင် ဦးမောင်ကိုက အဖွင့်အမှာစကား ပြောကြားရာတွင် တက္ကသိုလ်မှာရှိသည့် ကျောင်းသား၊ ကျောင်းသူများဟာ ပညာရည်ချွန် ထူးချွန်ထက်မြတ်သည်သာမက ဘက်စုံထူးချွန်သည့် နိုင်ငံတော်အားထား ရမည့် အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများဖြစ်စေရန် မျှော်မှန်းကာ နိုင်ငံတော်မှ ပညာရေးကဏ္ဍများတွင် များစွာထောက်ပံ့ ပေးလျက်ရှိကြောင်း၊ ကျောင်းသင်ခန်းစာများသာမက အသိပညာ ဗဟုသုတရရှိမည့် စာအုပ်စာပေများကိုလည်း ဖတ်ကြားသင့်ကြောင်း အစရှိသည် များကို ပြောကြားခဲ့သည်။
ဆက်လက်၍ ပါမောက္ခချုပ် သူနာပြုတက္ကသိုလ် (မန္တလေး)၊ ဆေးဘက်ဆိုင်ရာ နည်းပညာ တက္ကသိုလ်၏ ပါမောက္ခချုပ်အဖြစ် ပူးတွဲတာဝန် ထမ်းဆောင်နေသော ပါမောက္ခဒေါက်တာ ခင်စိန်ဝင်းက ကြိုဆိုနှုတ်ခွန်းဆက်ပြောကြားပြီး ဒုတိယပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ လင်းထက်မြင့်က တေးသီချင်းဖြင့် သီဆိုကြိုဆိုခဲ့သည်။ ထို့နောက် ဆေးဘက်ဆိုင်ရာ နည်းပညာ တက္ကသိုလ် (မန္တလေး) ကျောင်းသား၊ ကျောင်းသူများမှ အကအလှများဖြင့် သီဆိုဖျော်ဖြေကြ သည်။ ထို့နောက် တက္ကသိုလ်ဘက်စုံ ဖွံ့ဖြိုးရေးရန်ပုံငွေများကို သီရိပျံချီ၊ ဝဏ္ဏကျော်ထင် ဦးမောင်ကိုမှ ပေးအပ်ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်တို့က လက်ခံရယူကာ၊ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့ပြီး၊ အဆိုပါအခမ်းအနားသို့ ဆေးဘက်ဆိုင်ရာ နှီးနွယ် တက္ကသိုလ်များမှ ပါမောက္ခချုပ်များ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)