ကျောက်ဆည် ဇန်နဝါရီ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားများကိုးကွယ်သည့် ဘုရားစေတီများ ဖျက်ဆီးသူအကြမ်းဖက်သမားများအား ဆန့်ကျင်ရှုတ်ချပွဲကို ယနေ့မွန်းတည့် ၁၂ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါရှုတ်ချပွဲတွင် သံဃာတော်များနှင့် ပြည်သူစုစုပေါင်း (၉၉၀) ဦးတို့က ကျောက်ဆည်မြို့ မြောက်ဘက် ရန်ကုန်-မန္တလေးမြို့ရှောင်လမ်းဆုံမှ စုရပ်အဖြစ်စတင်ပြီး ရန်ကုန်-မန္တလေးကားလမ်းမကြီးအတိုင်း သင်တောင်းကျေးရွာ ဆုတောင်းပြည့်မဟာရွှေသိမ်တော်ဘုရားအထိ တန်းစီလမ်းလျှောက်ခဲ့ပြီး နိုင်ငံတော်အလံနှင့်သာသနာတော်အလံများကို ကိုင်ဆောင်ကာ “ပြည်ပဩဇာခံ ပြည်ပမိစ္ဆာများ အလိုမရှိ၊ “အမျိုးဘာသာသာသနာအား ဖျက်ဆီးသည့် အကြမ်းဖက်အဖွဲ့များအား အလိုမရှိ၊ “အချုပ်အခြာအာဏာကို ထိပါးစော်ကားလာသော ပြည်ဖျက်မိစ္ဆာများအား ဆန့်ကျင်ကြ၊ “လူမျိုးရေးခွဲခြားသာသနာကို စော်ကား ဖျက်ဆီး နေသူများအား ဆန့်ကျင်ကြ၊ “အမျိုးဘာသာသာသနာအား စော်ကားဖျက်ဆီးသည့် အကြမ်းဖက်အဖွဲ့အား ချေမှုန်းကြ” စသည့် စာတန်းများပါသည့် ဗီနိုင်းများကိုင်ဆောင်၍ ကြွေးကြော်ကာ လှည့်လည်ကန့်ကွက် ရှုတ်ချခဲ့ကြောင်း၊ ကန့်ကွက်ရှုတ်ချပွဲကို ဦးဆောင်သူများက အသီးသီး ဟောပြောခဲ့ကြပြီးနောက် အမျိုးသားရေးသီချင်းများ ဖွင့်လှစ်သီဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
မောင်မောင်(ကျောက်ဆည်)