သာကေတမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

သာကေတ ဇန်နဝါရီ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌  ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးစေရန်နှင့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀:၀၀)နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ တာဝန်ခံဆရာမဒေါ်ချိုချိုအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားမှူးဒေါ်ခင်ကောင်းစံက လူငယ်နှင့်အားကစားဆိုင်ရာများလည်းကောင်း၊ မြို့နယ်တိုင်းရင်းဆေးကုဦးစီးဌာန၊ တိုင်းရင်းဆေးမှူးဒေါ်ထက်ထက်ဝေက လူငယ်နှင့်ကျန်းမာရေးဆိုင်ရာများအားလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှုဦးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) ဒုတိယညွှန်ကြားရေးမှူး(တာဝန်ခံအရာရှိ)ဦးစန်းလှိုင်က ပြည်ထောင်စုတိုင်းရင်းသားလူမျိုးနွယ်စုအမျိုးအစားဆိုင်ရာများနှင့် ဓလေ့ထုံးတမ်းဝတ်စားဆင်ယင်မှုဆိုင်ရာများအားလည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ဆောင်းနှင်းဖြူမှ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးဆိုင်ရာများအား အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် လူငယ်ရေးရာဟောပြောပွဲ တက်ရောက်ကြသည့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းအဆင့်ကျောင်းသားကျောင်းသူများအား မြို့နယ်တိုင်းရင်းဆေးကုဦးစီးဌာနမှ တိုင်းရင်းဆေးပညာကုထုံးအရ လိုအပ်သည့်တိုင်းရင်းဆေးများဝေငှခြင်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)