မိုင်းယန်းမြို့နယ်တွင် လူငယ်နှင့်နည်းပညာခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကျင်းပ

မိုင်းယန်း ဇန်နဝါရီ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်း၍ လူငယ်နှင့်နည်းပညာခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လူငယ်စကားဝိုင်းတွင် မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက လူငယ်စကားဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီး တက်‌ရောက်လာကြသော အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက လူငယ်နှင့်နည်းပညာ ခေါင်းစဉ်အောက်တွင် ယနေ့ခေတ်တွင် အင်တာနက်သည် အရေးပါဆုံး ခေါင်းစဉ်တစ်ခုအဖြစ် တည်ရှိနေသည်ဟု ပြောဆို၍ရကြောင်း၊ ကျွန်တော်တို့ လူငယ်များအနေဖြင့် ကျောင်းနေအရွယ်မှစတင်၍ အွန်လိုင်းမီဒီယာများ၊ နည်းပညာများကို စနစ်တကျလေ့လာသင်ယူပြီး မိမိတို့ဘဝတိုးတက်လမ်းအတွက် ကြိုးစားသင်ယူရမည်။ နည်းပညာကိုလေ့လာသင်ယူရာတွင် နည်းမှန်လမ်းမှန် သုံးစွဲရန်အတွက် သင်ယူသင့်ကြောင်း၊ အများထိခိုက်စေမည့် နေရာများတွင် အသုံးမပြုသင့်ကြောင်း၊ အများအကျိုး၊ မိမိအကျိုးအတွက် စည်းကမ်းရှိစွာ အသုံးပြုသင့်ကြောင်းနှင့် နည်းပညာကို ဘေးအဖြစ်မခံ၊ ဆေးဖြစ်စေရန် လေ့လာသင်ယူသွားကြရမည်စသဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ လူငယ်စကားဝိုင်းတွင် မိုင်းယန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အထများ ရရှိစေရန်ရည်ရွယ်၍ စာအုပ်/စာစောင်များနှင့် နံရံကပ်စာစောင်များ ခင်းကျင်းပြသ ခဲ့ကြကြောင်း သိရသည်။

မေရီငြိမ်း(မိုင်းယန်း)