ဇေယျာသီရိမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ဇေယျာသီရိ ဇန်နဝါရီ ၁၂

ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ ဇေယျာသီရိမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သန္တာမြင့်မြင့်ကျော်က ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့်    ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး အသိပညာဗဟုသုတနှင့်ပြည့်စုံသည့် လူတော်လူကောင်းများပေါ်ထွက်လာစေရန်ရည်ရွယ်၍ ယခုလိုဟောပြောပွဲ ကျင်းပပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် ဟောပြောပွဲကို ဆက်လက်ကျင်းပရာ နေပြည်တော်တရားမျှတမှုစင်တာမှ တရားလွှတ်တော်ရှေ့နေ ဒေါ်ဝင့်ဝင့်အေးက မူးယစ်ဆေးဝါးအန္တရာယ်နှင့် ဥပဒေ၊ လောင်းကစားဥပဒေ၊ သက်ငယ်မုဒိန်း၊ လူကုန်ကူးမှုအန္တရာယ်နှင့် ကလေးအလုပ်သမားပပျောက်ရေး အကြောင်းအရာများအား ရှင်းလင်းဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသည့် မေးမြန်းချက်များအား ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့သည်။  ထို့နောက် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအောင်မိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)