ပြင်ဦးလွင် ဇန်နဝါရီ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် အခမ်းအနားကို အဆိုပါကျောင်းခန်းမ၌ ယနေ့နံနက် (၉)နာရီက ကျင်းပသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီးဦးကျော်မိုးသူနှင့် စာရေးဆရာကိုရွှေအောင်သင်းက အမှာစကား ပြောကြားပြီး ကျောင်းသားမိဘများကိုယ်စား ကျောင်းသားမိဘတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
ဆက်လက်၍ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဝဏ္ဏစိုးအောင်၊ ကျောင်းအုပ်ဆရာကြီးနှင့် ကျောင်းအကျိုးတော်ဆောင်များက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ၊ ထူးချွန်ဆုရ ဆရာမများအား ဆုများ ချီးမြှင့်ပေးခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူများက အက ပဒေသာများဖြင့် ကပြဖျော်ဖြေပေးခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကျောင်းသား၊ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်များ စုံလင်စွာ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဖြူလူသစ် (ပြန်/ဆက်)