မော်လမြိုင် ဇန်နဝါရီ ၁၂
မွန်ပြည်နယ်တွင် ကျောင်းသား/ သူများ ကျောင်းနေပျော်၍ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းကျန်းမာရေးလုပ်ငန်းများအနက် တစ်ခုအပါအဝင်ဖြစ်သည့် ကျောင်းအခြေပြုမျက်စိအမြင်အာရုံ အားနည်းမှုရှိသော ကျောင်းသား/ သူများအား မျက်မှန်ပံ့ပိုးပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ အောင်မြင့်ဦးက ကျောင်းအခြပြု ပဏာမမျက်စိစမ်းသပ်စစ်ဆေးခြင်းလုပ်ငန်းများကို အခမဲ့ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွင်း လျာထားချက်၏ ၉၁ ရာခိုင်နှုန်းကို စမ်းသပ်စစ်ဆေးဆောင်ရွက်ပြီးစီးပြီးဖြစ်ပါကြောင်း၊ လူသားတိုင်း မိမိ၏ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်လာစေရန် ငယ်စဉ်မှစ၍ သင်ကြားသင်ယူလေ့လာနေကြရာတွင် “မျက်စိအဆုံး၊ နားအရှုံး” ဆိုသည့်အတိုင်း မျက်စိအမြင်အား ချို့ယွင်းပါက သင်ကြားသင်ယူသည့်အခါ အခက်အခဲများ ကြုံတွေ့နိုင်ပြီး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဟန့်အတားဖြစ်လာနိုင်ပါကြောင်း၊ ကလေးငယ်အရွယ်များတွင် မျက်စိအမြင်ချို့ယွင်းမှုဖြစ်ပေါ်ခြင်းများ ကျဆင်းစေရေးအတွက် မဟာဗျူဟာများ ချမှတ်ခြင်း၊ မျက်စိအမြင်စွမ်းအား အခြေအနေအမျိုးမျိုးတို့အတွက် လိုအပ်သောစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်ပေးနိုင်ပါကြောင်း၊ ကျောင်းနေပျော်ပြီး စိတ်အေးချမ်းစွာ ပညာသင်ဖို့ရာ မျက်စိကျန်းမာရေးကလည်း အရေးကြီးသည့်အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးလို့ အကောင်းဆုံးနေရာဖြစ်တဲ့ ကျောင်းများမှာ ထိရောက်အောင်မြင်သော ကျောင်းကျန်းမာရေး ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပဏာမမျက်စိကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းများကို အခြေခံကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဆရာ/ မများ၊ မိဘများပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထိုနောက် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန်းစန်းမိုးက ဝမ်းမြောက်စကားပြောကြားပြီး ပြည်နယ်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချိုဝင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်တွင် မော်လမြိုင်ခရိုင်အတွင်းရှိ မြို့နယ် (၅)မြို့နယ်မှ မျက်မှန်လိုအပ်သူ ကျောင်းသား/ သူ ၁၄၈ ဦးအတွက် မျက်မှန်များအား တာဝန်ရှိသူများက ပေးအပ်ရာ မြို့နယ်ပညာရေးမှူးများက လက်ခံရယူခဲ့ကြသည်။
ဆက်လက်၍ တက်ရောက်လာကြသော ကျောင်းသား/ သူများအားတာဝန်ရှိသူများက မျက်မှန်များကိုတပ်ဆင်ပေးခဲ့သည်။ အဆိုပါ မျက်မှန်များအတွက် ပံ့ပိုးမှုများကို ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ဝိုင်းဝန်းပံ့ပိုးပေးခြင်းဖြစ်သည်။
မွန်ပြည်နယ်အတွင်းရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှ ကျန်းမာရေးဝန်ထမ်းများက ကျောင်းကျန်းမာရေးလုပ်ငန်းများကို နှစ်စဥ်ဆောင်ရွက်ပေးလျက်ရှိပြီး ယခုနောက်ပိုင်းတွင် စာသင်ကျောင်းအခြေပြု မျက်စိစစ်ဆေးခြင်းလုပ်ငန်းများကိုပါ ထည့်သွင်းဆောင်ရွက်လာခဲ့ရာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား/ သူအားလုံးကို မျက်စိအမြင်အာရုံ ချို့ယွင်းမှု ရှိ/မရှိ၊ အဝေးကြည့်မှုန်ခြင်း ရှိ/မရှိ၊ အနီးကြည့်မှုန်ခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ရာ မူလတန်း ၂၆၃၀၁၃ ဦး၊ အလယ်တန်း ၅၆၆၉၀ ဦး၊ အထက်တန်း ၂၂၁၉၀ ဦး စုစုပေါင်း ၃၄၁၈၉၃ ဦးကို စမ်းသပ်စစ်ဆေး ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
ခင်စန်းမြင့် (ပြန်/ဆက်)