ညောင်ဦး ဇန်နဝါရီ ၁၂
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအတွက်လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီရရှိရေးနှင့် ပြည်သူများစိုက်ထုတ်ကုန်ကျရသော ဆေးကုသမှုစရိတ် လျော့နည်းကျဆင်းစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်းစုံမှ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ရှာဖွေဖော်ထုတ်ပြီး ညောင်ဦးခရိုင်၊ ကုတင်၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ဇန်နဝါရီ ၁၁ ရက်နေ့မှ ဇန်နဝါရီ ၁၃ ရက်နေ့အထိ အခမဲ့ခွဲစိတ်ကုသပေးလျက်ရှိကြောင်း သိရသည်။
မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများက လိုအပ်သောသွေးစစ်ဆေးမှုနှင့် ဓာတ်မှန်ရိုက်ခြင်းများကို ဆောင်ရွက်ပေးခဲ့ရာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာ ၃၅ ဦး ကြည့်ရှုစစ်ဆေးပေးနိုင်ခဲ့ပြီး ၄င်းတို့အနက်မှကျန်းမာရေးကောင်းမွန်ပြီး ခွဲစိတ်ရန်သင့်တော်သည့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ ၂၄ ဦးအား ကုသရေးဌာနအောက်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မိတ္ထီလာခရိုင်ပြည်သူ့ဆေးရုံကြီး၊ ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံကြီးတို့မှ အထူးကုဆရာဝန်ကြီးများနှင့်သူနာပြုများက အခမဲ့ခွဲစိတ်ကုသပေးလျက်ရှိကြောင်း သိရသည်။
ခွဲစိတ်ကုသနေသည့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းနိုင်နှင့်တာဝန်ရှိသူများ၊ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့်ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန့်သီတာချိုစင်နှင့်အဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာဝင့်နှင့်အဖွဲ့ဝင်များ၊ ညောင်ဦးခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များမှ လာရောက်ကြည့်ရှုအားပေး၍ အာဟာရနှင့်လက်ဆောင်ပစ္စည်းများ၊ အလှူငွေများထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရပြီး၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးနှင့် တိုင်းပြည်သူ့ဆေးရုံကြီး(မန္တလေးမြို့)တို့က လိုအပ်သည်များကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း