နမ့်စန် (တ) ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး (Kaeru Caravan) ဆောင်ရွက်ခြင်းကို ယနေ့နံနက်၁၀နာရီခွဲက ဝမ်ပုံကျေးရွာအုပ်စု၊ ထင်းရှူးမြိုင်ကျေးရွာ၊ ကောင်းမြတ် ကိုယ်ပိုင်အထက်တန်းကျောင်းအနီးရှိ Eleven Fusel အားကစားကွင်းတွင် ဆောင်ရွက်ခဲ့ရာ လွိုင်လင်ခရိုင် မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ နမ့်စန်မြို့နယ် မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ ကောင်းမြတ်ကိုယ်ပိုင် အထက်တန်းကျောင်းအုပ်ဆရာကြီး ဦးကောင်းမြတ်သူနှင့် ကျောင်းသားကျောင်းသူများ စုစုပေါင်း (၅၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လွိုင်လင်ခရိုင်မီးသတ်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းက ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအသိပညာပေး (Kaeru Caravan) ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကောင်းမြတ်ကိုယ်ပိုင်အထက်တန်း ကျောင်းအုပ်ဆရာကြီး ဦးကောင်းမြတ်သူ က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် လွိုင်လင်ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်ဝင်း၊ နမ့်စန်မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဦးအယ်လ်လီဇာနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကျောင်းသားကျောင်းသူများကို မီးလောင်မှုကို ဖြစ်ပေါ်စေနိုင်သည့်အကြောင်းအရင်းများ အရေးပေါ်မီးငြှိမ်းသတ်နည်း၊ စောင်ဖြင့်ထမ်းစင်ပြုလုပ်နည်း၊ သယ်ဆောင်နည်း၊ ရေသန့်ဘူးခွံဖြင့် အသက်ကယ်အင်္ကျီပြုလုပ်နည်း၊ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ဆောင်ရွက်ရမည့်နည်းလမ်းများ၊ အရိုးကျိုးလူနာများအား ရှေးဦးပြုစုနည်းနှင့် ကြိုးချည်နည်းများကို အသိပညာပေးပြောကြားကာ ပြိုင်ပွဲငယ်များပြုလုပ်၍ လက်တွေ့လေ့ကျင့် သင်ကြားပေးခဲ့ကြောင်းသိရသည်။
သူရအောင်(နမ့်စန်)