မြင်းခြံ ဇန်နဝါရီ ၁၂
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ် ချောင်းဒေါင်း(မ)အခြေခံပညာမူလတန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် Grade-4,5 ကျောင်းသား/သူများက “စုံညီပွဲတော်တို့နွဲပျော်” သီချင်းဖြင့် သီဆိုပြီး အခမ်းအနားကိုစတင်ဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပညာရေးမှူး ဦးအုန်းလှိုင်က ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းပြောကြားသည်။
ဆက်လက်၍ Grade-2 ကျောင်းသား/သူများက Grade-2 သင်ခန်းစာပါ “ဒို့တာဝန်” သီချင်းဖြင့် တေးသရုပ်ဖော်ဖျော်ဖြေကြပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း မြို့နယ်အဆင့်နှင့် ကျောင်းတွင်းပြိုင်ပွဲများ၌ ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိခဲ့ကြသော ကျောင်းသား/သူများအား ဂုဏ်ပြုဆုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး၊ ခရိုင်ပြန်/ဆက်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများက ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် KG ကျောင်းသား/သူများမှ အကများဖြင့် သီဆိုဧည့်ခံဖျော်ဖြေခဲ့ကြပြီး Grade-4,5 ကျောင်းသား/သူများက “ဇာတိမာန်” သီချင်းဖြင့် ဖျော်ဖြေ၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)