မဟာအောင်မြေ ဇန်နဝါရီ ၁၂
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စုံညီပွဲတော်နှင့်ဘက်စုံထူးချွန်ဆုပေးပွဲအခမ်းအနားကို အမှတ်(၂၄)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အမှတ်(၂၄)အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား/သူလေးများမှ ကြိုဆိုပါသည်စုံညီပွဲတော်သီချင်းဖြင့် ကပြသီဆို၍ အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီး မဟာအောင်မြေမြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး ဦးလွမ်းဇေမှ အဖွင့်အမှာစကားပြောကာ ကျောင်းအုပ်ဆရာကြီး ဦးမျိုးဆန်းလင်းမှ စုံညီပွဲတော်ကျင်းပရခြင်းနှင့်ပတ်သက်၍ ပြောကြားရာတွင် ကျောင်းသား/သူများ ပညာရေးပိုင်းထူးချွန်မှုအပြင် အားကစားဘက်မှာလည်း ထူးချွန်သည့် ကျောင်းသား/သူများဖြစ်လာစေရန်၊ နိုင်ငံတော်အတွက် အားကိုးအားထားရသော နိုင်ငံခေါင်းဆောင်များပေါ်ထွန်းလာစေရန်၊ မိမိအားပေးအပ်လာသော တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်တတ်သော လူငယ်လူရွယ်များဖြစ်လာစေရန်၊ အချင်းချင်းရိုင်းပင်း ကူညီတတ်သောအလေ့ကျင့်ကောင်းများကိုဆောင်ရွက်တတ်စေရန်၊ ပညာရေးထူးချွန်ဆု၊ အားကစားထူးချွန်ဆုရရှိသည့် ကျောင်းသား/သူများအား ဆုများအသီးသီး ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် တက်ရောက်လာသူများအား ကျေးဇူးတင်ရှိကြောင်း အကျယ်တဝင့် ပြောကြားခဲ့သည်။
ဆက်လက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပညာရေးကဏ္ဍ၊ အားကစားကဏ္ဍများတွင် ထူးချွန်သည့် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသား/သူများအား ကျောင်းအုပ်ဆရာကြီးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ်ခဲ့ပြီး အမှတ်(၂၄) အခြေခံပညာအထက်တန်းကျောင်း ဘက်စုံဖွံ့ဖြိုးရေးအတွက် ထည့်ဝင်လှူဒါန်းကြသော မြို့မိမြို့ဖများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ပညာရေးစုံညီပွဲတော် အခမ်းအနားအား မဟာအောင်မြေမြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး ဦးလွမ်းဇေ၊ ကျောင်းအုပ်ဆရာကြီး ဦးမျိုးဆန်းလင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကျောင်းသား/သူများ၏မိဘများ၊ ကျောင်းသား/သူများ စုစုပေါင်း(၅၅၀)ဦး ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း