ပျော်ဘွယ်မြို့နယ်ရုံးတွင် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

ပျော်ဘွယ် ဇန်နဝါရီ ၁၂

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ စာပေကိုပိုမိုဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ မိမိတို့၏ရည်မှန်းချက်ကို မိမိကိုယ်တိုင် ကောင်းစွာသိရှိနားလည်နိုင်စေရန်ရည်ရွယ်၍ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့မွန်းလွဲ(၁)နာရီက မြို့နယ်ရုံး Commumity Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက “တိုးတက်လာသည့်ခေတ်စနစ်နှင့်အညီ လူငယ်များအနေဖြင့် ဘဝတိုးတက်ရေးလမ်းကြောင်း မမှားစေရန်လိုအပ်သောကြောင့် စာပေလေ့လာမှုအားကောင်းလာစေရေး၊ ဆုံးဖြတ်ချက်ချရာတွင် မှန်ကန်စွာဆောင်ရွက်နိုင်ရန် စာပေမှတဆင့် လေ့လာနိုင်ရေး၊ မိမိတို့ကိုယ်တိုင်ရည်မှန်းချက်များကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်စေရန်အတွက် ယခုလို စာစီစာကုံးပြိုင်ပွဲကျင်းပရခြင်းဖြစ်ပါတယ်”ဟု ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ ကျွန်ုပ်၏ရည်မှန်းချက်ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကိုကျင်းပရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၃)ကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ(၁၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား မကြာမီပြုလုပ်မည့် ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)