ဒလ ဇန်နဝါရီ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရည်ချွန်ဆုပေးပွဲနှင့် စုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ကုမုဒြာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက စုံညီပွဲတော်တို့နွှဲပျော်သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်မာမာဆွေက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပညာရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများ၊ အထိမ်းအမှတ်နေ့အလိုက် ကျင်းပခဲ့သည့် ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသူများ၊ အင်္ဂလိပ်စာ၊ သင်္ချာထူးချွန်ဆုရရှိသူများနှင့် လူရည်ချွန်ဆုများကို ကျောင်းအုပ်ဆရာမကြီး ဒေါ်မာမာဆွေ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ကျောင်းအကျိုးတော်ဆောင်များက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ခဲ့ကြသည်။ ထို့နောက် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများမှ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ အခြေခံပညာကျောင်းမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
မြင့်ဇော် (ပြန်/ဆက်)