ဗန်းမော်မြို့အထက-ခွဲ (အလက-၃)ကျောင်းတွင် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ဗန်းမော်   ဇန်နဝါရီ    ၁၂

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့၊ အခြေခံပညာအလယ်တန်းကျောင်းအထက-ခွဲ (အလက-၃)မေတ္တာခန်းမ၌ ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗန်းမော်ခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို  ဇန်နဝါရီ ၁၂ ရက် နံနက် ၁၀ နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက "လူငယ်နှင့်ဗလငါးတန်ဖွံ့ဖြိုးရေး" ခေါင်းစဉ်ဖြင့် ကျောင်းသားကျောင်းသူများသည် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ နှင့်ဘောဂဗလစသည့်ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ငယ်ရွယ်စဉ်ကတည်းက လေ့ကျင့်ပျိုးထောင် လာရမည်ဖြစ်ကြောင်းနှင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေနိုင်မည့် စာကောင်းပေမွန် များကိုဖတ်ရှုလေ့လာကြရမည်ဖြစ်ကြောင်း၊ ကျောင်းသားလူငယ်များအနေဖြင့် မူးယစ်ဆေးဝါး ကိုအသုံးမပြုဘဲ လုံး၀ရှောင်ကျဉ်စေရေးအတွက် ဆိုးကျိုးများ၊ လူကုန်ကူးမှုဆိုင်ရာ သိကောင်း စရာများနှင့် ကလေးစစ်သား အသုံးမပြုရေးတို့ကို အသိပညာပေးဟောပြောခဲ့ပြီး ဗန်းမော်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နှောင်းနှောင်းဝင်းက "စားသုံးသူကာကွယ်ရေး အကြောင်း သိကောင်းစရာ" ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေး ဟောပြောခဲ့သည်။   အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို  ကျောင်းသား   ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်