စဉ့်ကူးမြို့ ရွှေကူကြီး အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ

စဉ့်ကူး ဇန်နဝါရီ ၁၂

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့တွင် ရွှေကူကြီး အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် အခမ်းအနားကို အမှတ်(၂)ရပ်ကွက်ရှိ ရွှေကူကြီး အခြေခံပညာမူလတန်းလွန်ကျောင်းခန်းမ၌ ယနေ့နံနက် (၉)နာရီက ကျင်းပသည်။

ရှေးဦးစွာ ဒုတိယမြို့နယ် ပညာရေးမှူး ဆရာကြီး ဦးကြန်က အမှာစကား ပြောကြားပြီး အခြေခံပညာမူလတန်းလွန်ကျောင်း (ရွှေကူကြီး)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းလှိုင် က စုံညီပွဲတော်ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးညိုတူးက လိုအပ်သည်များကို ထပ်ဆင့်အမှာစကား ပြောကြားပြီး ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဝင် ဦးမြအေးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်နီချစ်က ပညာရေးငွေပဒေသာပင်အတွက် (၁) သိန်း ကျပ်အား ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်လှူဒါန်းခြင်း၊ အာဟာရကုသိုလ်ရှင်များအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများအား ကျောင်းအကျိုးတော်ဆောင်များက ပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့သည်။ ထို့နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်သူများအား တာဝန်ရှိသူများက ဆုများချီးမြှင့် ပေးခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူများက အကပဒေသာများဖြင့် ကပြဖျော်ဖြေပေးခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး သော်တာထွန်း၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်နီချစ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒုတိယမြို့နယ် ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)