တာလေမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ

တာလေ ဇန်နဝါရီ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဉီးစွာ အခမ်းအနားအား ကျောင်းသား၊ ကျောင်းသူလေးများက ''စုံညီပွဲတော် ဒို့နွဲပျော်'' သီချင်းက ကပြဖျော်ဖြေဖွင့်လှစ်ခဲ့ပြီး မြို့အုပ်ချုပ်ရေးမှူး ဉီးလင်းလင်းအောင်က အဖွင့်အမှာစကားအားလည်းကောင်း၊  ကျောင်းအုပ်ဆရာကြီး ဉီးကျော်ဆန်းက ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် ကျေးဇူးတင်စကားအားလည်းကောင်း အသီးသီးပြောကြားခဲ့ကြသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက အကပဒေသာများဖြင့် ကပြဖျော်ဖြေကြရာ မြို့အုပ်ချုပ်ရေးမှူး ဉီးလင်းလင်းအောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘအုပ်ထိန်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ဆုတော်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော KG တန်းမှ Grade-11 အထိ ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူတို့က ပညာရည်ချွန်ဆုများ ပေးအပ်ချီးမြှင့်ပြီး ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ဖြစ်မြောက်အောင် အဖက်ဖက်မှ ကူညီဆောင်ရွက်ပေးခဲ့ကြသူများအား ကျောင်းအုပ် ဆရာကြီး ဉီးကျော်ဆန်းနှင့် တာဝန်ရှိသူတို့က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)