မိုင်းနောင် ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့၊ နားကန်းအခြေခံပညာမူလတန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နားကန်း အ.မ.က ကျောင်း ပညာရေးစုံညီပွဲတော်အား မြို့အုပ်ချုပ်ရေးမှူး၊ စခန်းမှူး၊ ကျောင်းအုပ်ဆရာမကြီး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ မြို့အုပ်ချုပ်ရေးမှူး ဦးစည်သူထွန်းက အဖွင့်အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်စောယုခိုင်က ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းနှင့်ကျောင်း၏ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေအရပ်ရပ်ကို ရှင်းလင်းပြောကြားကာ အခမ်းအနား တက်ရောက်လာကြသော ဧည့်သည်တော်များအား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ပညာရေးစုံညီပွဲတော်သို့ တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များက၊ မြို့နယ်အဆင့်နှင့် ကျောင်းအဆင့်ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသူများ၊ ကျောင်းဖွံ့ဖြိုးရေးဆု၊ ကျောင်းသား အားကစားပြိုင်ပွဲများ၊ အတန်းအလိုက် ဘာသာရပ် ထူးချွန်ဆုရရှိသူများ၊ ကျောင်းတက်မှန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
မိုးသောက်(မိုင်းနောင်)