လားရှိုးမြို့တွင် ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာသူများကို စေတနာရှင် အလှူရှင်များက စားသောက်ဖွယ်ရာများ ဆက်လက်လှူဒါန်းလျက်ရှိ

လားရှိုး ဇန်နဝါရီ ၁၂

လားရှိုးမြို့တွင်ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာသူများကို စေတနာရှင်၊ အလှူရှင်များက စားသောက်ဖွယ်ရာများ လှူဒါန်းလျက်ရှိကြောင်း သိရသည်။

ယာယီနေရပ်စွန့်ခွာသူများသည် လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်နှင့် ကန်မိန်း ကျောင်းတိုက်တို့တွင် ရောက်ရှိခိုလှုံနေကြရပြီး ၎င်းတို့မှာ သိန္နီမြို့အနီးကျေးရွာများမှ ဒေသခံအများစု ဖြစ်ကြောင်းသိရသည်။

“သူတို့အတွက်  လောလောဆယ် စေတနာရှင် အလှူရှင်တချို့ လာရောက်လှူဒါန်းကြတာတွေ ရှိပါတယ်။ အခုတော့ အရင်ကထက် အလှူရှင်က နည်းသွားတယ်။ သူတို့အတွက် အဓိကလိုအပ်ချက်က အစားအသောက်လိုအပ်တယ်။ နောက်ပြီး ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်တယ်။ နောက်ဆုံးအနေနဲ့ အဝတ်အထည်နဲ့စောင်လိုအပ်တယ်။ အဓိကတော့ စားသောက်ရေးအတွက် အလှူရှင်အဓိက လိုအပ်တာပေါ့။” ဟု သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်မှာ တာဝန်ရှိသူတစ်ဦးကဆိုသည်။

လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်တိုက်နှင့် ကန်မိန်းကျောင်းတိုက်တို့တွင် ယာယီနေရပ်စွန့်ခွာ နေထိုင်သူဦးရေ တစ်ထောင့်ငါးရာဝန်းကျင်ခန့်ထိရှိနေကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)