ပင်းတယ ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် လေပြင်းဘေး ကြိုတင်ကာကွယ်ရေစီမံချက်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းအခမ်းအနားနှင့် ထောက်ပံ့ငွေ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက ပင်းတယမြို့နယ်အနေဖြင့် နွေကြိုကာလ၊ နွေကာလနှင့် မိုးကြိုကာလများတွင် လေပြင်းဘေးအများဆုံးခံစားရပြီး လေပြင်းဘေးကြောင့် နေအိမ်ခေါင်မိုးများ ပြုတ်ထွက်ခြင်း၊ နေအိမ်ပြိုကျပျက်စီးခြင်းတို့ ကြုံတွေ့ရလေ့ရှိသောကြောင့် ပင်းတယမြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် လေပြင်းဘေးဒဏ် ခံနိုင်စေရေးအတွက် နေအိမ် (၃၀၀) လုံးအား နေအိမ် (၁) လုံးလျှင် ငွေကျပ် (၄၅၀၀၀) (လေးသောင်းငါးထောင်) နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၁၃၅) သိန်းအား စီစဉ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါကြောင်း၊ အထိအခိုက်အပျက်အစီး လျော့နည်းပါက နိုင်ငံတော်မှ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုမည့် ရန်ပုံငွေများမှ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင်ပိုမိုအသုံးပြုနိုင်ပြီး မိမိတို့ရပ်ကွက်/ကျေးရွာနေပြည်သူများအတွက် ပိုမိုအကျိုးရှိစွာ ခံစားရမှာဖြစ်ပါကြောင်းနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးအဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများ အနေဖြင့်လည်း လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာများအလိုက် စီစဉ်ဆောင်ရွက်ရာတွင် တတ်စွမ်းသမျှ အားဖြည့်ပါဝင်ပေးကြ ပါရန်တိုက်တွန်းပြောကြားလိုကြောင်း စသည်ဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိက လေပြင်းဘေးကြိုတင်ကာကွယ်ရေးစီမံချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ထောက်ပံ့ငွေလွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားအား ကျင်းပရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးအာကာလင်းကလေပြင်းဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်မည့် ရပ်ကွက်/ကျေးရွာအုပ်စု (၂၀)အုပ်စုမှ နေအိမ် (၃၀၀)လုံးအတွက် ထောက်ပံ့ငွေ (၁၃၅၀၀၀၀)ကျပ်အား လွှဲပြောင်းပေးအပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌမှ လက်ခံရယူခဲ့ပြီး အင်းငယ်ကျေးရွာအတွင်းရှိ နေအိမ် (၄၇) လုံးအတွက် ထောက်ပံ့ငွေ (၂၁၁၅၀၀၀)ကျပ်အား လွှဲပြောင်းပေးအပ်ခဲ့ရာ အင်းငယ်ကျေးရွာအုပ်ချုပ်ရေးမှူးမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)