ကျိုင်းလပ်မြို့၌ နယ်လှည့်ဟောပြောပွဲ၊ ဓာတ်ပုံပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်

ကျိုင်းလပ် ဇန်နဝါရီ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများကို လစဉ်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ နမ့်ဝမ်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)(နမ့်ဝမ်း)သို့ နယ်လှည့်ဟောပြောပွဲ၊ ဓာတ်ပုံပြပွဲ၊ နံရံကပ် စာစောင် ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျိုင်းလပ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ ဒေါ်စန်းစန်းမြင့်က လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ကိုလည်းကောင်း၊ စာဖတ်ခြင်းအကျိုးကျေးဇူးများကိုလည်းကောင်း၊ လူကုန်ကူးခြင်းမှ တားဆီး ကာကွယ်နိုင်မည့်နည်းလမ်းများကိုလည်းကောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများကိုလည်းကောင်း အသိပညာပေး ဟောပြောခဲ့ကြောင်းသိရသည်။

ထို့နောက် ဝန်ထမ်းများက ကျောင်းသား၊ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် နယ်လှည့်စာကြည့်တိုက်အဖြစ် ယူဆောင်လာသော စာအုပ်စာစောင်များကို ငှားရမ်းဖတ်ရှု့စေပြီး စာအုပ်စာစောင်ပြပွဲ၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ် စာစောင်များကို ပြသခဲ့ရာ ကျောင်းသားလူငယ်များက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

စန်းစန်းမြင့်(ပြန်/ဆက်)