ရန်ကင်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ရပ်ကွက်အတွင်း လှည့်လည်နှိုးဆော်

ရန်ကင်း ဇန်နဝါရီ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ပွင့်လင်းခြောက်သွေ့သောရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့ပေါ်ရပ်ကွက်အတွင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက  ဇန်နဝါရီ ၁၁ ရက်နေ့ ည(၇)နာရီအချိန်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရန်ကင်းမြို့နယ်အတွင်း မီးလောင်ဆုံးရှုံးမှုများမဖြစ်ပေါ်စေရေး ပြည်သူများလိုက်နာဆောင်ရွက်ရမည့် မီးဘေးလုံခြုံရေးဆိုင်ရာညွှန်ကြားချက်များအား မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူးဦးထိန်လင်းဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်း ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးလောင်ကျွမ်းမှု၊ မီးလန့်မှုများမဖြစ်ပေါ်စေရန် မီးဘေးသတိရှိရေး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဘက်ပေါင်းစုံမှဆောင်ရွက်လျက်ရှိရာ မြို့နေပြည်သူများအနေဖြင့် မီးအသုံးပြုရာတွင် စနစ်တကျ အသုံးပြုမှုများနှင့် မိမိအိမ်ပတ်ဝန်းကျင်တွင် လောင်စာအမှိုက်သရိုက်များ ရှင်းလင်းထားရန်၊ မိမိအိမ်နှင့်အိမ်ဥပစာအတွင်း ခွင့်ပြုချက်မရှိဘဲ လောင်စာဆီသိုလောင်ခြင်း ရောင်းချခြင်းမပြုလုပ်ရန်၊ မီးဘေးလုံခြုံရေးအတွက် ရေပုံးနှင့်မီးချိတ်မီးကပ်၊ မီးသတ်ဆေးဗူးများထားရှိရန်၊ ပေါက်ပြဲဆွေးမြေ့နေသော လျှပ်စစ်ဝါယာကြိုးများ အသုံးမပြုကြရန်၊ အိမ်တွင်လူမရှိသောအခါ လျှပ်စစ်မိန်းခလုပ်များ ပိတ်ထားရန်၊ အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ မှတ်သားထားရေး၊ မီးလောင်မှုများဖြစ်ပွားပါကလည်း ဆုံးရှုံးမှုနည်းပါးစေရေးနှင့် အချိန်မီ မီးငြှိမ်းသတ်နိုင်ရေးတို့အတွက်ရည်ရွယ်၍ ရပ်ကွက်များအတွင်း လှည့်လည်အသိပေးနှိုးဆော်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)