မြောက်ဥက္ကလာပမြို့နယ် အ.ထ.က(၆)ကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ

မြောက်ဥက္ကလာပ ဇန်နဝါရီ ၁၂

ယနေ့ခေတ်လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မြောက်ဥက္ကလာပ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မြမြဝင်းက  လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဥ်ဖြင့် ဟောပြောရာတွင်  လူငယ်များ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ စိတ္တဗလနှင့် ဘောဂဗလဟူသည့် ဗလငါးတန်နှင့်ပြည့်စုံရန်လိုအပ်ကြောင်း၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများကို ဖတ်ရှုရန်လိုအပ်ကြောင်း၊ သုတစာပေနှင့် ရသစာပေများကို သိရှိထားရန်လိုအပ်ကြောင်း၊  မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာဦးသိန်းဝင်းဇော်က လူငယ်နှင့်အသိပညာခေါင်းစဥ်ဖြင့် ဟောပြောရာတွင် အသိဆိုသည်မှာ သင်ယူသမျှမှန်သမျှသည် အသိဖြစ်ပြီး ပညာဆိုသည်မှာ အသိကိုကျော်လွန်ပြီး နောက်တစ်ဆင့် ထွင်းဖောက်မြင်ခြင်း၊ ဖန်တီးတီထွင်နိုင်ခြင်း၊ စိတ်ကူးမှာကိုယ်ပိုင်ဖြစ်ခြင်းပင်ဖြစ်ကြောင်း ဟောပြောခဲ့ပြီး အ.ထ.က(၆)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်နီလာစိုးက လူငယ်နှင့်ပညာရေးခေါင်းစဥ်ဖြင့် အသီးသီးဟောပြာခဲ့သည်။ 

ထို့နောက်   ဟောပြောပွဲတက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူလေးများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော  အမျိုးသမီးများသိထားသင့်သည့် မှုခင်းကာကွယ်ရေး အသိပညာပေး၊ လူကုန်ကူးမှုအသိပညာပေး၊ အရွယ်မရောက်သေးသူများ စစ်မှုထမ်းခြင်းမှ ကာကွယ်ထိန်းသိမ်းရေးအသိပညာပေးစသည့် နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)