ပင်လောင်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပ

ပင်လောင်း ဇန်နဝါရီ ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက Book Club အဖွဲ့ဝင်များပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးထွန်းလင်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားပြီး၊ ဒုတိယဦးစီးမှူး ဦးမိုးသူက စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ) ရေးသားသည့် "အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ"စာအုပ်မှ "စိတ်ကူးလမ်းကြောင်းအဖွင့်အပိတ်"ခေါင်းစဥ်ဖြင့် စတင်ဆွေးနွေးသည်။

ဆက်လက်၍ "စိန်ခေါ်ကြစေချင်ပါသည်" ခေါင်းစဥ်အား Book Club အဖွဲ့ဝင် ဒေါ်ခင်လေးဖြူ ကလည်းကောင်း၊ "ဆရာရေးပေးသောဆယ်ပြား" ခေါင်းစဥ်အား အဖွဲ့ဝင်ဒေါ်မူရွှေစင်ဝင်း ကလည်းကောင်း၊" ဆွေမျိုးမတော်စပ်သောဆွေမျိုးများ၏" ခေါင်းစဥ်အား အဖွဲ့ဝင် ဒေါ်နန်းတင်ထွေးကလည်းကောင်း၊ "ပညာတတ်ဖို့စာဖတ်ရမည်" ခေါင်းစဥ်အား အဖွဲ့ဝင် ဦးဝေယံဖြိုးကလည်းကောင်း၊ "သိင်္ဂါလောဝါဒသုတ်လာ မိတ်ဆွေဝတ်" ခေါင်းစဥ်အား အဖွဲ့ဝင် ဒေါ်မူစမ်းသီတာကလည်းကောင်း၊ အဖွဲ့ဝင်ဦးစိုင်းတိုးထက်ပိုင်က "နောက်တစ်ချက်ထပ်ရိုက်ပါ”ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင်ဒေါ်ဖြူဝင်းက "ဂုဏ်ယူစရာ၊ကြိုးစားစရာ” ခေါင်းစဥ်အားလည်းကောင်း၊ အဖွဲ့ဝင် ဒေါ်နန်းနွယ်နွယ်ထွန်းက"ဝတ္ထုမဖတ်တာ ရှက်စရာ ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးဖတ်ကြား ဆွေးနွေးခဲ့ကြပြီး စာဖတ်ဝိုင်းသို့တက်ရောက်လာကြသည့် Book Club အဖွဲ့ဝင်များက အဆိုပါစာအုပ်မှ အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)