ကျောက်ဆည် ဇန်နဝါရီ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် ဆောင်းကုလားပဲများ စိုက်ပျိုးရာတွင် အထွက်နှုန်း တိုးပွားစေရန်အတွက် ဒေသနှင့် ကိုက်ညီသည့် ကုလားပဲမျိုးများ ပြောင်းလဲပြီး မိရိုးဖလာ ပက်ကြဲစနစ်၊ သိပ္ပနည်းကျဘောင်စနစ် အမျိုးမျိုးစိုက်ပျိုးကြရာ သိပ္ပံနည်းကျ ဘောင်စနစ်ဖြင့် စိုက်ပျိုးထားသော လေးဆယ်ကုန်းကျေးရွာမှ တောင်သူဦးပေါ်လွင်၏ ကုလားပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ဆောင်းကုလားပဲများစိုက်ပျိုးရာ၌ ယခင်နှစ်များတွင် ပဲမျိုးရွေးချယ်သည့်အခါ အလွယ်တကူ ရရှိသော တောင်သူအများမှ ကောင်းမွန်သည်ဆိုသည့် ကုလားပဲမျိုးများအား အလွယ်တကူ ဝယ်ယူ၍ မိရိုးဖလာ စိုက်နည်းဖြစ်တဲ့ ပက်ကျဲစနစ်ဖြင့် စိုက်ပျိုးသည့်အတွက် အထွက်နှုန်းများ ရသင့်သလောက် မရကြောင်း၊ ယခုအခါ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဒေသ၏ ရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီသည့် ရေဆင်း (၁၃) ကုလားပဲများကို စိုက်ပျိုးကြရန် ရေဆင်း (၁၃) ပဲမျိုးများ ပိုမိုစိုက်ပျိုးရန် စိုက်နည်းစနစ်များ၊ နည်းပညာများ ကူညီဆောင်ရွက်လျက်ရှိသောကြောင့် တောင်သူများအနေဖြင့် ဒေသနှင့် ကိုက်ညီသည့် ပဲမျိုးများ ပြောင်းလဲ၍ သိပ္ပံနည်းကျ စိုက်နည်းစနစ်ဖြင့် စနစ်တကျ ပြောင်းလဲစိုက်ပျိုးသောကြောင့် ကုလားပဲစိုက်ခင်းများ ပိုမိုကောင်းမွန်လာပြီး အသီးထွက်နှုန်း သိသိသာသာ တိုးပွားလာမည်ဖြစ်ကြောင်း ကုလားပဲ စိုက်တောင်သူများထံမှ သိရသည်။
ဘောင်စနစ်ဖြင့် ဆောင်းကုလားပဲများ စိုက်ပျိုးမည်ဆိုပါက မျိုး(၈)ပြည်ခန့် အသုံးပြုရပြီး မြေပြင်စရိတ်၊ မျိုးတန်ဖိုးနှင့် စိုက်စရိတ်အတွက် ငွေ(၃)သိန်းတစ်သောင်းကျပ်၊ ပိုးသတ်ဆေးနှင့် ရေတင်ခြင်း၊ ရိတ်သိမ်းခြွေလှေ့ခြင်းများအတွက် ငွေ(၄)သိန်းနှစ်သောင်းကျပ် ခန့်မှန်းကုန်ကျစရိတ်ရှိကြောင်းနှင့် ထွက်နှုန်းအနေဖြင့် တစ်ဧကတွင် (၁၄) တင်းမှ (၂၃) တင်း အမျိုးမျိုးထွက်ရှိကြောင်း သိရကြောင်းနှင့် ကျောက်ဆည်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ကုလားပဲစိုက်တောင်သူများစီးပွားရေး အဆင်ပြေစေရေးအတွက် ဒေသနှင့် ကိုက်ညီပြီး အထွက်နှုန်းကောင်းသည့် ရေဆင်း(၁၃)ကုလားပဲမျိုးများအပြင် ရေဆင်း(၆)၊ ရေဆင်း(၁၂)၊ ကုလားပဲ အနီမျိုးများနှင့် ရေဆင်း(၃)၊ ရေဆင်း(၈)၊ ရေဆင်း(၁၁) ကုလားပဲအဖြူမျိုးများ ဖြန့်ဝေပေးလျက်ရှိပြီး စိုက်ခင်းများ အောင်မြင်စေရေး လိုအပ်သည့်နည်းပညာများ၊ စိုက်နည်းစနစ်များ အနီးကပ်ကူညီပေးလျက်ရှိကြောင်း သိရသည်။
သက်မောက်(ကျောက်ဆည်)