(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မဟာဗန္ဓုလလမ်း ကတ္တရာကွန်ကရိ လမ်းသစ်ဖွင့်ပွဲအခမ်းအနားကျင်းပ

ကျောက်တံတား ဇန်နဝါရီ ၁၂

(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ ကတ္တရာကွန်ကရိထပ်ပိုးလွှာခင်းလမ်း အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့သော မဟာဗန္ဓုလလမ်း (လမ်းသစ်လမ်းမှ မဟာဗန္ဓုလတံတားထိ) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင် ပန်းဘဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်းနှင့် မဟာဗန္ဓုလမ်းဆုံအနီး ဖွင့်ပွဲမုခ်ဦးနေရာတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မဟာဗန္ဓုလလမ်း ကတ္တရာကွန်ကရိ လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ ဌာနမှူး ဦးလင်းခိုင်၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ ဌာနမှူး ဦးကိုကိုလင်း၊ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးနှင့် သန့်ရှင်ရေးဌာနမှ ဌာနမှူး ဦးချိုထွန်းအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းမှူးဗိုလ်ချုပ်ဇော်ဟိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ စုပေါင်းအမှတ်တရဓာတ်ပုံ ရိုက်ကူးကြကာ ကတ္တရာကွန်ကရိ လမ်းသစ်အားလှည့်လည်ကြည့်ရှု အားပေးကြသည်။

အဆိုပါ မဟာဗန္ဓုလလမ်းသည် ရန်ကုန်မြို့တော်၏ Central Business District Area အတွင်းရှိ အရှေ့အနောက်ဆက်သွယ်သည့် အဓိကလမ်းမကြီး (၅) လမ်းတွင်ပါဝင်ပြီး မဟာဗန္ဓုလလမ်း (လမ်းသစ်လမ်းမှ မဟာဗန္ဓုလတံတားအထိ) စုစုပေါင်းပေရှည် ၁၃၁၀၀ ပေ (၂ မိုင် ၄ ဖာလုံ) အား ကတ္တရာကွန်ကရိထပ်ပိုးလွှာခင်းလမ်းအဆင့်မြှင့်တင်ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)