ပင်လုံမြို့၊ မြို့မစျေး၌ မီးဘေးအန္တရာယ်သတိပြုကာကွယ်ရန် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် ဇတ်တိုက်သရုပ်ပြသခြင်းဆောင်ရွက်

ပင်လုံ ဇန်နဝါရီ ၁၂

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ မြို့မစျေး၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ခရိုင်မီးသတ်ဦးစီးမှူး ဦးဆောင်သော မီးသတ်တပ်ဖွဲ့မှ ပင်လုံမြို့မစျေးအတွင်း မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် ဇာတ်တိုက်သရုပ်ပြသခြင်းကို လက်တွေ့လေ့ကျင့်ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ခရိုင်မီးသတ်ဦးစီးမှူးမှ တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများနှင့် စျေးသူ/စျေးသားများအား မီးလောင်မှု၊ မီးလန့်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ရပါက ကြောက်လန့်ပြီး ပစ်မသွားပဲ စိတ်ကိုတည်ငြိမ်စွာထား၍ လက်ဦး မီးငြိမ်းသတ်တတ်စေရန်၊ ကနဦးမီးလောင်မှုမှာ မီးသေး၊ မီးမွှားသာဖြစ်၍ တည်ငြိမ်စွာရင်ဆိုင်ငြိမ်းသတ်တတ်စေရန်၊ မီးလောင်ကျွမ်းမှုဖြစ်ရန် လေ/အောက်ဆီဂျင်၊ လောင်စာဆီ၊ မီးလောင်လွယ်သောပစ္စည်း၊ မီးတောက်ရန်လိုအပ်သော အပူချိန်ဟူ၍ရှိရာ ယင်းတို့အနက် တခုခုအား ဖယ်ရှားခြင်း၊ ဖုံးအုပ်ခြင်းဖြင့် ငြိမ်းသတ်စေခြင်း၊ မီးလောင်မှုကြီးဖြစ်ပွားမှုမှ ကာကွယ်တားဆီးတတ်စေရန်၊ မီးလောင်မှုကြီးထွားပါက မိမိဝန်းကျင်အား အော်ဟစ်အကူအညီတောင်း၍ မီးသတ်ဦးစီးဌာနသို့ တိကျစွာ ဆက်သွယ်အကူအညီတောင်းရန်၊ မီးလောင်မှုသာမက မတော်တဆဖြစ်ပွားမှုများ၊ သဘာဝဘေးအန္တရာယ်များ တွေ့ကြုံရသည့်အခါ ဘေးအန္တရာယ်များကို ရင်ဆိုင်ကျော်လွှားတတ်စေရန် နည်းလမ်းများအကြောင်း ဟောပြာ၍ မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်ကြုံတွေ့လာပါက မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်နည်းများ၊ ရေစိုဝတ်ဖြင့်အုတ်၍ မီးငြိမ်းသတ်နည်း၊ ဂတ်(စ်)အိုးမီးငြိမ်းသတ်နည်းတို့ကို စျေးသူ/စျေးသားများနှင့် အတူလက်တွေ့လေ့ကျင့် သရုပ်ပြသခဲ့ပါသည်။ ထို့နောက် မြို့မစျေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသင့်တပ်ဆင်ထားသော မီးသတ်အင်ဂျင်စက်များ၊ ရေပန့်များ၊ မီးသတ်ဆေးဘူးများ၊ မီးသတ်ရေကန် ရေသိုလှောင်ထားရှိမှုအခြေအနေတို့ကို လိုက်လံကြည့်ရှု့စစ်ဆေးပြီး ပြုပြင်ဆောင်ရွက်ရမည်များကို စျေးကော်မတီများနှင့် စျေးသူစျေးသားများအား မှာကြားခဲ့ပါသည်။

အဆိုပါမီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် သရုပ်ပြပွဲသို့ ပင်လုံမြို့ မြို့အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ နယ်မြေရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ခရိုင်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ လျှပ်စစ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ စျေးသူစျေးသား(၈၀)ဦးတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)