လူမှုဝန်ထမ်းဦးစီးဌာန၊ ကျောက်ဆည်မူလတန်းကြိုကျောင်းတွင် ရင်သွေးငယ်များ ကာယ၊ဉာဏ စွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရေး အားကစားပြိုင်ပွဲများ ကျင်းပ

ကျောက်ဆည် ဇန်နဝါရီ ၁၂

မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကျောက်ဆည်မူလတန်းကြိုကျောင်းတွင် ရင်သွေးငယ်များ ကာယစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကျောင်းနေပျော်၍ ပညာတော်စေရန်အတွက် ယမန်နေ့ နံနက် (၉)နာရီက ကာယ၊ဉာဏစွမ်းရည် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ရာတွင် ရင်သွေးငယ်များ ကျန်းမာသန်းစွမ်းပြီး ဉာဏ်ရည် ထက်မြက်စေန်အတွက် ကျား/မအပြေး၊ မုန့်စား၊ ခွက်ဆင့်၊ ပူပေါင်းဖောက်ပြိုင်ပွဲ စသည့် အားကစာနည်း (၄)မျိုးအား ပွဲစဉ်များခွဲကာ ကျင်းပပြုလုပ်ပေးခဲ့ရာ ရင်သွေးငယ်(၈၉)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်းနှင့် ပြိုင်ပွဲများအပြီးတွင် ထူးချွန်ရင်သွေးငယ် (၂၄) ဦးအား ကျောက်ဆည်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းစိုး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီမြင့်နှင့် တာဝန်ရှိသူများက  ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ မူလတန်းကြိုကျောင်းသည် ကျောက်ဆည်မြို့နယ် ပတ္တာကျေးရွာအနီးတွင် ၂၀၂၂ ခုနှစ် မေလတွင် စတင်ဖွင့်လှစ်ခဲ့ပြီး အသက်(၃)နှစ်မှ(၅)နှစ်အရွယ် ကလေးငယ်များအားလက်ခံပြီး ဘက်စုံဖွံ့ ဖြိုးတိုးတက်စေရန် မူလတန်းကြိုပညာရပ်များဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှ လမ်းညွှန်ချက်များနှင့်အညီ  မူကြိုအရွယ်ကလေးငယ်များအား ကာယ၊ ဉာဏ၊ စာရိတ္တ၊ စိတ်ဓာတ် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ကလေးသူငယ် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ဗဟုသုတ အခြေခံကောင်းများဖြင့် မူလတန်းကျောင်းများသို့ ဝင်ရောက်စေနိုင်ရန်အတွက် စနစ်တကျ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)