ဆိပ်ကြီးခနောင်တိုမြို့နယ်၌ နေအိမ်ပြင်ပထွက်သူတိုင်း အကာအကွယ် Mask စနစ်တကျ တပ်ဆင် ပါရှိရေး ကြပ်မတ် စစ်ဆေး အရေးယူ

ဆိပ်ကြီးခနောင်တို အောက်တိုဘာ ၂၈

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီး ခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများကို  နေ့စဉ် အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် (၈)နာရီမှစ၍  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင် သာယာရေးကော်မတီ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်း အဖွဲ့မှ မြို့နယ်အတွင်း   ‌နေအိမ်ပြင်ပထွက် သူ တိုင်း အကာအကွယ် Mask စနစ်တကျ တပ်ဆင် ပါရှိရေးကို အထူး ကြပ်မတ် စစ်ဆေး ဆောင် ရွက်လျက် ရှိသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုး ဦးဆောင်သည့်အဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထွန်းထွန်းအောင် ဦးဆောင်သည့်အဖွဲ့တို့မှ မြို့နယ်အတွင်းရှိ မြို့မဈေး၊ စက်တပ်ရေယာဉ်(သမ္ဗန်ဆိပ်)အနီး၊ ဗဟိုလမ်း၊ ရှုခင်းသာမြို့ပတ်လမ်းနှင့် အခြား နေရာများတွင်  ဈေးရောင်း၊ဈေးဝယ်ပြည်သူများ၊ အကြောင်းအမျိုးမျိုးဖြင့်နေအိမ်ပြင်ပ သွားလာသူ များအား ပါးစပ်နှင့် နှာခေါင်းစည်း အကာအကွယ် Mask စနစ်တကျ တပ်ဆင်ပါရှိရေးကြပ်မတ် စစ်ဆေး၍ အကာအကွယ်  Mask မပါရှိသူများအား စစ်ဆေး‌‌ တွေ့ရှိပါက ဒဏ်ငွေ ကျပ် ၂၀၀/- ဆောင်စေပြီး Mask တစ်ခုပေးကာ ချက်ချင်း စနစ်တကျ တပ်စေပြီး Mask တပ်ဆင်ရခြင်း၏ အကျိုးကျေးဇူးအား ရှင်းလင်း ပြောကြားပေးခြင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ  အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ကြေညာသည့် လမ်းညွှန်ချက်များအား အသိပညာပေး ပြောကြားခြင်း၊ လူစုလူဝေး ဖြင့် နေအိမ်ပြင်ပသို့ သွားလာခြင်းမပြုရေးတို့ကို ကြပ်မတ်စစ်ဆေး ပညာပေး ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

ဝေယံ(ဆိပ်ကြီးခနောင်တို)