တာချီလိတ်ခရိုင် ပြည်သူ့စာကြည့်တိုက်သို့ မယ်ဟုတ်နှစ်ခြင်းကျမ်းစာကျောင်းမှ သင်တန်းသားများ လာရောက်လေ့လာ

တာချီလိတ်    ဇန်နဝါရီ        ၁၁

မယ်ဟုတ် နှစ်ခြင်းကျမ်းစာကျောင်းမှ သင်တန်းသားများသည် ယမန်နေ့မွန်းလွဲပိုင်းက တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သို့ လေ့လာရေးကွင်းဆင်းခဲ့ကြကြောင်းသိရသည်။

တာချီလိတ်မြို့ ဖန်မင်အုပ်စု၊ မယ်ဟုတ်နှစ်ခြင်းကျမ်းစာကျောင်းမှ သင်တန်းသားများအနေဖြင့် သာသနာပြု ကျမ်းစာများအပြင် ပြင်ပစာပေဗဟုသုတများရှာဖွေရန်၊ စာဖတ်ခြင်းဖြင့် ၎င်းတို့၏ လူနေမှုဘဝအတွေး အခေါ်ယူဆမှုများ တိုးတက်မြင့်မားလာစေရန်နှင့် စာကြည့်တိုက်အတွင်း စာအုပ်စာစောင်များ စနစ်တကျ စီရီထားရှိမှုတို့ကို လေ့လာလိုခြင်းကြောင့် ယခုကဲ့သို့လာရောက်ခြင်းဖြစ်ကြောင်း ကျမ်းစာကျောင်းဆရာမ ဒေါ်နန့်လေးဒီယာချိုက ပြောသည်။

ယင်းနောက် စာကြည့်တိုက်အတွင်း စာအုပ်စာစောင်များခင်းကျင်းထားရှိပုံများ လှည့်လည် လေ့လာကြည့်ရှုခဲ့ကြရာ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးနှင့် ဝန်ထမ်းများက လိုက်လံရှင်းလင်း ပြသပေးခဲ့ကြသည်။

အဆိုပါ လေ့လာရေးအဖွဲ့တွင် နှစ်ခြင်းကျမ်းစာကျောင်းမှ ဆရာမ ၂ ဦး၊ သင်တန်းသား/ သင်တန်းသူ ၂၉ ဦး အပါအဝင်  စုစုပေါင်း ၃၁ ဦးဖြစ်ပြီး ရှမ်း၊ ကရင်၊ လားဟူ၊ အာခါ၊ နာဂ၊ လွယ် စသည့် မြန်မာနိုင်ငံအတွင်းရှိ ဒေသအသီးသီးမှ  တိုင်းရင်းသားများပါဝင်ကြောင်း သိရှိရသည်။

အေးအေးလတ်