ဥတ္တရသီရိ အောက်တိုဘာ ၂၈
၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ အေးချမ်းစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် လုံခြုံရေး တာဝန် ထမ်းဆောင်မည့် အထူးရဲတပ်ဖွဲ့ဝင်များ သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီက နေပြည်တော် ဥတ္တရသီရိမြို့ အမှတ်(၁၂) အခြေခံပညာ အထက်တန်း ကျောင်း အစည်း အဝေး ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဥတ္တရခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရန်နောင်ဝင်းက သင်တန်းဆင်းအမှာစကားပြောကြား ရာတွင် အထူးရဲတပ်ဖွဲ့ဝင်များအနေဖြင့် ရွေးကောက်ပွဲကျင်းပနေစဉ်ကာလအတွင်း မဲရုံ လုံခြုံရေးနှင့် မဲဆန္ဒရှင် ပြည်သူများလုံခြုံရေးကို ဥပဒေများ၊ အမိန့်နှင့်ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ လိုက်နာဆောင်ရွက် သွားကြရန်နှင့် အထွေထွေရွေးကောက်ပွဲပြီးစီးပါက သတ်မှတ် ချက်နှင့်ကိုက်ညီသူများ ဆန္ဒရှိပါက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ ဝင်ရောက်တာဝန်ထမ်းဆောင်နိုင်ကြောင်း ပြောကြားသည်။
အဆိုပါ သင်တန်းတွင် အထူးရဲတပ်ဖွဲ့ဝင်များအား လက်နက်မဲ့စစ်ရေးပြဘာသာရပ်နှင့် ဥပဒေဘာသာ ရပ်များကို အောက်တိုဘာ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ သင်ကြားပို့ချပေးခဲ့ပြီး ဥတ္တရ သီရိမြို့နယ်တွင် ရပ်ကွက် (၂)ရပ်ကွက်၊ ကျေးရွာ အုပ်စု(၈) အုပ်စုရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဉီးရေ (၅၆၀၀၀) ကျော်နှင့် မဲရုံစုစုပေါင်း (၄၉)ရုံ ဖွင့်လှစ်သွားမည်ဖြစ်ရာ မဲရုံများတွင် လုံခြုံရေး တာဝန် ထမ်းဆောင်မည့် အထူးရဲတပ်ဖွဲ့ဝင် (၄၉)ဦး တာဝန် ပေးအပ်ခဲ့ကြောင်းသိရသည်။
ကျော်စွာဟိန်း(ပြန်/ဆက်)