ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက် သောင်းကျန်းသူများအား ကန့်ကွက်ရှုတ်ချပွဲ လားရှိုးမြို့၌ကျင်းပ

လားရှိုး ဇန်နဝါရီ ၁၁

ဗုဒ္ဓဘာသာအပေါ် ဖျက်ဆီးရန်လုပ်ဆောင်နေမှုများ၊  ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများအား ကန့်ကွက်ရှုတ်ချပွဲကို ယနေ့မွန်းလွဲပိုင်းတွင် လားရှိုးမြို့ ၊ လွတ်လပ်ရေးပန်းခြံ၌ ပြုလုပ်သည်။

အခမ်းအနားတွင် လားရှိုးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတို့မှဆရာတော်များ၊ မြန်မာနိုင်ငံစာရေး ဆရာအသင်း၊ လားရှိုးမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌတို့က အသီးသီးဟောပြောကြသည်။

ကန့်ကွက်ရှုတ်ချပွဲတွင် လားရှိုးမြို့နယ်အတွင်းရှိ မျိုးချစ်ပြည်သူများက “ဘာသာအကျိုး ဒို့သယ်ပိုး မိစ္ဆာဟူသမျှ ရှင်းလင်းကြ”၊ “ပြည်ပဩဇာခံ ပြည်ဖျက်မိစ္ဆာများ အလိုမရှိ”၊ “ပြည်သူတွေရဲ့အသက်ကိုရောင်း ဒေါ်လာတောင်းစားနေသည့် ခွေးဝဲစားပြည်ဖျက်မိစ္ဆာများ အလိုမရှိ”၊ “လူမျိုးရေးခွဲခြား၊ သာသနာကို စော်ကား ဖျက်ဆီးနေသူများအား ဆန့်ကျင်ကြ”၊ “လမ်းတံတားများကို ဖျက်ဆီး ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝကို ဖျက်ဆီးနေသော ပြည်ဖျက်မိစ္ဆာများ အလိုမရှိ”၊ “သာသနာကိုဖျက်ဆီးနေသော အကြမ်းဖက်သူပုန်များအား ရှင်းလင်းရေး ဒို့အရေး”၊ “ဗုဒ္ဓသာသနာအား စော်ကားဖျက်ဆီးနေသော အကြမ်းဖက်သူပုန်မှန်သမျှ ဆန့်ကျင်ကြ”၊ “ဘုရားစေတီများအား ဖျက်ဆီးနေသည့် လူသတ်အကြမ်းဖက် သူပုန်မှန်သမျှ ကျဆုံးပါစေ” စသည်ဖြင့် ကြွေးကြော်ခဲ့ကြသည်။

လားရှိုးသား