မိုင်းဆတ် ဇန်နဝါရီ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၇၆၃ ခုနှစ်၊ ကရင်နှစ်သစ်ကူးနေ့အခမ်းအနားကို ယနေ့နံနက်(၅)နာရီခွဲက သဗ္ဗညုဘုန်းတော်ကြီးကျောင်းဝန်းတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကရင်နှစ်သစ်ကူးနေ့ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာနိုင်ထွန်းဦးနှင့် ကရင်တိုင်းရင်းသားများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုကာ ကရင်တိုင်းရင်းသား အလံကိုလွှင့်တင်ခဲ့ကြပြီး ဒေါက်တာနိုင်ထွန်းဦးနှင့် နော်ရိုးလီရယ်ရှီးတို့၏ ကရင်နှစ်သစ်ကူးသီချင်းဖြင့် သဗ္ဗညုဘုန်းတော်ကြီး သင်ပညာရေးကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက အကသရုပ်ဖော်ဖြင့် အခမ်းအနားဖွင့်လှစ်ခဲ့ကြသည်။
ထို့နောက် မိုင်းဆတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံမှ ပေးပို့သော (၂၇၆၃) ခုနှစ် ကရင်နှစ်သစ်ကူးနေ့ သဝဏ်လွှာအား ကရင်နှစ်သစ်ကူးနေ့ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာနိုင်ထွန်းဦးက ဖတ်ကြားခဲ့ပြီး နာယက ဦးသန်းမြင့်က နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ဦးစထွန်းထွန်းနှင့် ဒေါ်နော်သကဲဖောတို့က အနောက်ပိုးကရင်ဘာသာ၊ စကောကရင် ဘာသာတို့ဖြင့် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားကာ ကရင်သက်ကြီးဘိုးဘွားများအား နှစ်သစ်ကူးလက်ဆောင်များ ပေးအပ်ပြီး မြို့နယ်အဆင့် သင်္ချာစွမ်းရည်တွင် ထူးချွန်ဆုရရှိသည့် မောင်ဇန်သစ်ထူးအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်၊ ကရင်နှစ်သစ်ကူးနေ့ ကျင်းပရေး ကော်မတီနာယက ဦးသန်းမြင့်၊ ဦးသန်းဝေ၊ ကရင်နှစ်သစ်ကူးနေ့ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာနိုင်ထွန်းဦးနှင့် မိုင်းဆတ်မြို့ရှိ ကရင်တိုင်းရင်းသား၊ တိုင်းရင်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
မြင့်မောင်(မိုင်းဆတ်)