သထုံမြို့နယ်၌ ၈၆ နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပ

သထုံ ဇန်နဝါရီ ၁၁

ကရင်သက္ကရာဇ် ၂၇၆၃ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်‌နေ့၌ကျရောက်သည့် ၈၆ နှစ်မြောက် ကရင်နှစ်သစ်ကူး‌ပွဲတော်ကို မွန်ပြည်နယ်၊ သထုံမြို့၊ သိမ်ကုန်းရပ်ကွက်ရှိ ကရင်အမျိုးသား သာသနာ့ဗိမာန်တော်၌ ယနေ့နံနက်က မြို့နယ်အဆင့်အနေဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။

နှစ်သစ်ကူးပွဲ‌တော်ကျင်းပရာတွင် ရှေးဦးစွာ နံနက်အာရုဏ်တက်အချိန်၌ သံယာတော်များအား ဆွမ်းဆက်ကပ်ပြီး တရားနာယူခြင်း၊ တက်ရောက်‌လာကြသည့် တိုင်းရင်းသားများစုပေါင်းကာ ကရင်အမျိုးသားအလံတော်ကို လွှင့်ထူအလေးပြုကြခြင်း၊ ဧည့်ခံကျွေးမွေးခြင်းများကို ပြုလုပ်ခဲ့ကြသည်။

ယင်းနောက် မြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ဦးဆောင်ကာ သထုံမြို့နယ်အတွင်းရှိ အသက်(၈၀)နှစ်နှင့်အထက် ကရင်တိုင်းရင်းသားသက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ကြကာ  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ထူးချွန်စွာအောင်မြင်ခဲ့ကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ နှစ်သစ်ကူးပွဲတော်ကျင်းပရာသို့ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးမင်းစိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်အားပေးကာ ကရင်အမျိုးသားသာသနာဗိမာန်တော် ဆက်လက်တည်ဆောက်နိုင်ရေး အလှူငွေများပေးအပ်ပြီး တိုင်းရင်းသားရိုးရာ ဒုံးယိမ်းအကများဖြင့် ဧည့်ခံဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

သထုံမြို့နယ်တွင် ကရင်တိုင်းသား စုစုပေါင်း ၈၀၀၀၀ ဝန်းကျင်ခန့် နေထိုင်လျက်ရှိပြီး နှစ်သစ်ကူးပွဲ‌တော်ကို ကျင်းပခြင်းမှာ စည်းလုံးညီညွတ်စွာဖြင့် ဘိုးဘွားများချမှတ်ထားသည့် ရိုးရာဓလေ့များကို ဖော်ထုတ်သည့်အနေဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ယခင်နှစ်များက သက်ကြီးပူဇော်ပွဲ၊ ဒုံးယိမ်းပြိုင်ပွဲများ၊ တိုင်းရင်းသူအလှမယ်ရွေးချယ်ခြင်း၊ ရိုးရာလက်ဝှေ့ပွဲ၊ ဇတ်သဘင်၊ စတိတ်ရှိုးဖျော်ဖြေပွဲများ၊ ပြခန်းများနှင့် စတုဒီသာကျွေးမွေးခြင်းတို့ဖြင့် စည်ကားစွာ ကျင်းပခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်