နည်းပညာတက္ကသိုလ်(ကျောက်ဆည်)တွင် အလုပ်အကိုင်အခွင့်အလမ်းအသိပညာပေးဟောပြောပွဲ ကျင်းပ

ကျောက်ဆည် ဇန်နဝါရီ ၁၁

မန္တလေးတိုင်းဒေသကြီး၊ နည်းပညာတက္ကသိုလ်(ကျောက်ဆည်) အောင်ဆန်းခန်းမတွင် ယမန်နေ့မွန်းလွဲ (၁)နာရီက Myanmar Conch Cement Co.,Ltd နှင့် နည်းပညာတက္ကသိုလ်(ကျောက်ဆည်)တို့ပူးပေါင်းပြီး ဘွဲ့ရ ကျောင်းသား/ကျောင်းသူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေးနှင့် အလုပ်ခေါ်ယူမှုဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ရွေးချယ်နိုင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် နည်းပညာတက္ကသိုလ်(ကျောက်ဆည်)မှ ပါမောက္ခချုပ် ဒေါက်တာ ခင်မောင်ချင်းက လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတော်အတွက် အားထားရသော ကျောင်းသား/ကျောင်းသူများဖြစ်စေရေး နည်းပညာဘာသာရပ်များအား သင်ကြားပေးလျက်ရှိပါကြောင်း၊ ကျောင်းသား/ကျောင်းသူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် ဒေအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများနှင့် ချိတ်ဆက်ကာ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကျောက်ဆည်မြို့နယ် စက်မှုဇုံနယ်မြေအတွင်းရှိ Myanmar Conch Cement Co.,Ltd အယ်လ်ဖာ ဘိလပ်မြေထုတ်လုပ်ရေးစက်ရုံမှ ဝန်ထမ်းရေးရာတာဝန်ခံ ဒေါ်လှိုင်နှင်းဝေက  ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးနှင့် လုပ်အကိုင်အခွင့်အလမ်းများရရှိရေး တက္ကသိုလ်များ၊ နည်းပညာတက္ကသိုလ်များနှင့်ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ Myanmar Conch Cement Co.,Ltd အနေဖြင့် တရုတ်နိုင်ငံနှင့်ပူးပေါင်းပြီး ကျောက်ဆည်မြို့ စက်မှုဇုံနယ်မြေ၊ မတ္တာမြို့နှင့် ရန်ကုန်မြို့များတွင် ဘယ်လ်ဖာဘိလပ်မြေစက်ရုံများ တည်ဆောက်ကာ ဘိလပ်မြေများ ထုတ်လုပ်လျက်ရှိရာ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး၊ ကုန်ထုတ်လုပ်မှုမြင့်မားရေး၊ တရုတ်နည်းပညာများ လက်တွေ့လေ့လာ သင်ယူနိုင်ကြောင်းနှင့် Myanmar Conch Cement Co.,Ltd ဖြစ်ပေါ်လာပုံများ၊ ကုမ္ပဏီလုပ်ငန်းများ အကြောင်းရှင်းလင်းဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူများအနေဖြင့် Myanmar Conch Cement Co.,Ltd သို့ ဝင်ရောက်လုပ်ကိုင်လိုပါက မိမိတို့သင်ယူတတ်မြောက်ထားသည့် နည်းပညာရပ်များနှင့် ကိုက်ညီသည့် နေရာများတွင် ဝင်ရောက်လုပ်ကိုင်နိုင်ကြောင်း ဟောပြောခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။

အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေးနှင့် အလုပ်ခေါ်ယူမှုဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ရွေးချယ်နိုင်ရေး အသိပညာပေးဟောပြောပွဲသို့ နည်းပညာတက္ကသိုလ်(ကျောက်ဆည်)မှ ပါမောက္ခချုပ် ဒေါက်တာခင်မောင်ချင်းနှင့်ဌာနမှူးများ၊ ပဉ္စမနှစ်၊ ဆဌမနှစ် နည်းပညာတက္ကသိုလ် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။         

သက်မောင်(ကျောက်ဆည်)