ဟိုက်ဖတ်ကျေးရွာ အ.ထ.က ကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

နမ့်စန်(တ)  ဇန်နဝါရီ ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ဟိုက်ဖတ်ကျေးရွာအုပ်စု၊ ဟိုက်ဖတ်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက အဆိုပါကျောင်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျမူးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် အ.ထ.က(ဟိုက်ဖတ်) ကျောင်းအုပ်ဆရာမကြီး ဒေါ်ဥမ္မာအောင်က ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းနှင့် ကျောင်း၏ဖွံ့ဖြိုးတိုးတက်မှုအခြေအနေအရပ်ရပ်ကို ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဝိမာလာက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျမူးနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများ၊ အ.ထ.က(ဟိုက်ဖတ်) ကျောင်းအုပ်ဆရာမကြီး ဒေါ်ဥမ္မာအောင်နှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ကျောင်းအကျိူးတော်ဆောင်အဖွဲ့များက ပြည်နယ်အဆင့်၊ မြို့နယ်အဆင့် ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသူများ၊ အထိမ်းအမှတ်နေ့ပြိုင်ပွဲများတွင် ဆုရရှိသူများ၊ ကျောင်းဖွံ့ဖြိုးရေးဆု၊ ကျောင်းသားအားကစားပြိုင်ပွဲများနှင့် အတန်းအလိုက် ဘာသာရပ်ထူးချွန်ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းတက်မှန်ဆုရ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများကို ဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် အ.ထ.က(ဟိုက်ဖတ်)ကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက တိုင်းရင်းသားရိုးရာအကအလှများ၊ တေးသီချင်းများဖြင့် အခမ်းအနား တက်ရောက်လာကြသူများကို သီဆိုကပြ ဖျော်ဖြေခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)