တွံတေး ဇန်နဝါရီ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့ ရှမ်းစုကျေးရွာအုပ်စု၊ ညောင်တံခါးကျေးရွာ ဘုရင့်နောင်လမ်းဆုံရှိ နိုင်ငံကျော်တေးရေး၊ အဆိုတော်၊ စာရေးဆရာ၊ ဒါရိုက်တာ၊ ရုပ်ရှင်မင်းသား၊ သဘင်ဂန္တဝင်တေးသံရှင် အလင်္ကာကျော်စွာတွံတေးသိန်းတန်၏ ကွယ်လွန်ခြင်း (၂၅)နှစ်ပြည့် ငွေရတုနှင့် နိုင်ငံတော်မှအလင်္ကာကျော်စွာဘွဲ့ပေးအပ်ခြင်း ကြေးရုပ်တုအောင်မြင်ခြင်း (၄)နှစ်ပြည့်အခမ်းအနားကို ယနေ့နံနက် ၁၀နာရီက တွံတေးသိန်းတန်ကြေးရုပ်တုရှေ့နှင့် ဓမ္မာလင်္ကာရကျောင်းတိုက်တို့တွင် ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ဂန္တဝင်အဆိုတော် အလင်္ကာကျော်စွာ တွံတေးကြေးရုပ်တုရှေ့၌ တွံတေးသိန်းတန်၏ ကွယ်လွန်ခြင်း (၂၅)နှစ်ပြည့် ငွေရတုနှင့် နိုင်ငံတော်မှအလင်္ကာကျော်စွာဘွဲ့ပေးအပ်ခြင်း ကြေးရုပ်တုအောင်မြင်ခြင်း (၄)နှစ်ပြည့်အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ရာ တွံတေးသိန်းတန် ကြေးရုပ်တုဖြစ်မြောက်ရေးကော်မတီ နာယကဓမ္မာလင်္ကာရကျောင်းတိုက်၏ ဦးစီးပဓာနနာယက တွံတေးသိန်းတန်ကြေးရုပ်တုဖြစ်မြောက်ရေးကော်မတီ နာယက မဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာမင်္ဂလဓမ္မဇောတိကဓဇဘဒ္ဒန္တရေဝတ၊ တေးသိန်းတန်ကြေးရုပ်တုဖြစ်မြောက်ရေးကော်မတီ နာယက သန်းကြွယ်ကမ္ဘာကုမ္ပဏီလီမီတက်ဥက္ကဋ္ဌ ဒေါက်တာသန်းထွန်းဦး၊ တွံတေးသိန်းတန်ကြေးရုပ်တုဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးစံလင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဂီတတေးသံရှင်များက ဂန္တဝင်အဆိုတော် အလင်္ကာကျော်စွာတွံတေးသိန်းတန်၏ တေးသီချင်းများဖြင့် ဓမ္မာလင်္ကာရကျောင်းတိုက်တွင် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါအခမ်းအနားသို့ တွံတေးသိန်းတန်ဖြစ်မြောက်ရေးကော်မတီများ၊ ဌာနဆိုင်ရာများ၊ တွံတေးသိန်းတန်တေးသီချင်းများကို ချစ်မြတ်နိုးကြသော ပရိတ်သတ်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
တွံတေးသား