မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)ရှိ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနား တက်ရောက်

မော်လမြိုင်   ဇန်နဝါရီ   ၁၁

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)သည် မွန်ပြည်နယ်၏ တစ်ခုတည်းသော အစိုးရစက်မှုလက်မှုသိပ္ပံဖြစ်၍ ကျောင်းသား၊ ကျောင်းသူ၊ မောင်မယ်တို့အနေဖြင့် အင်ဂျင်နီယာပညာသင်ယူမှု အခွင့်အလမ်းများရရှိပြီး အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေးအတွက် ဦးတည်ဆောင်ရွက်နေခြင်းဖြစ်‌ကြောင်း၊ နိုင်ငံတော်၏ အမျိုးသားရေး မူဝါဒနှစ်ရပ်မှာ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးဖြစ်သည့်အတွက် နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့် အသက်မွေးဝမ်းကျောင်းပြုနေကြသော စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ပြီး ကုန်ထုတ်စွမ်းအားမြင့်မားလာရန်အတွက် အင်ဂျင်နီယာပညာရပ်သည် အရေးပါလှပါကြောင်း၊ နိုင်ငံတော်အတွက် လူ့စွမ်းအားအရင်းအမြစ်သည် အဓိကလိုအပ်ချက်ဖြစ်သည့်အတွက် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာ အသိပညာရှင်၊ အတတ်ပညာရှင်နှင့် ကျွမ်းကျင်သူများ မွေးထုတ်ပေးနိုင်သော တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်းတွေကို တိုးချဲ့ဖွင့်လှစ်ပေး လျက်ရှိပါကြောင်း၊ ယနေ့ခေတ်သည် Al (Artificial Intelligent (ခေတ်ဖြစ်သလို ခေတ်ပညာတွေကို မျက်ခြေမပြတ်‌‌စေရန်နှင့် မိမိတို့ ယဉ်ကျေးမှုဓလေ့ထုံးစံကိုလည်း ထိန်းသိမ်းကြရန်တိုက်တွန်းလို‌ကြောင်း၊ ကျောင်းသား၊ ကျောင်းသူ မောင်မယ်တို့သည် ဗလ(၅)တန် စွမ်းပကား (၅)မျိုးဖြစ်သည့် ကာယဗလ-ကိုယ်ကာယကြံ့ခိုင်သန်စွမ်းမှု စွမ်းပကား၊ ဉာဏဗလ-အသိဉာဏ်ပညာစွမ်းပကား၊ စာရိတ္တဗလ-ကိုယ်ကျင့်တရား ကျင့်ဝတ်သီလ စောင့်ထိန်းနိုင်မှုစွမ်းပကား၊ မိတ္တဗလကောင်းသော မိတ်ဆွေခင်ပွန်းများ ဖွဲ့စည်းနိုင်မှု စွမ်းပကား၊ ဘောဂဗလ-ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာမှုကို ဖန်တီးနိုင်မှုစွမ်းပကားများနှင့် ပြည့်စုံအောင် ကြိုးစားအားထုတ်ကြရန်လိုပါကြောင်း၊ ဗလငါးတန်ပြည့်စုံသည့် လူငယ်လူရွယ်များ မွေးထုတ်ရာတွင် ဆရာ၊ ဆရာမများသည် အဓိကကျသည့် အခန်းကဏ္ဍက ပါဝင်သည့်အတွက် ဆရာ၊ ဆရာမများအနေဖြင့်လည်း ပညာတတ်မြောက်ရေးသာမက သွန်သင်ဆုံးမလမ်းမှန်ညွှန်ပြမှုကောင်းရန် လိုအပ်မှာဖြစ်ကြောင်း၊ သို့မှသာ အနာဂတ်တွင် နိုင်ငံတော်က အားကိုးအားထားပြုရသော အရည်အချင်းပြည့်ဝသော လူငယ်လူရွယ်များ ပေါ်ထွက်လာမှာဖြစ်ကြောင်း၊ မိမိကိုယ်ကို ကောင်းအောင် ကြိုးစားကြပါ။ မိမိကောင်းမှ မိသားစုအကျိုး ရပ်ကျိုးရွာကျိုး၊ တိုင်းကျိုးပြည်ကျိုးအထိ တိုးတက်ဖွံ့ဖြိုးအောင် ပံ့ပိုးဖော်ဆောင်ပေးနိုင်မည့် အသိပညာရှင်၊ အတတ်ပညာရှင်တွေဖြစ်အောင် ကြိုးစားကြစေလိုကြောင်း မှာကြားခဲ့သည်။

ထို့နောက် အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်) ကျောင်းအုပ်ဆရာကြီး ဒေါက်တာဖြိုးဝေလင်းက ကျောင်းနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းတင်ပြပြီး အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)မှ ကျောင်းသား၊ ကျောင်းသူများ၏ အက၊ အလှများဖြင့် ဖျော်ဖြေတင်ဆက်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အစိုးရစက်မှုလက်မှုသိပ္ပံ (မော်လမြိုင်)အတွက် ထောက်ပံ့ငွေနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာကြီးက လက်ခံရယူပြီး တက်ရောက်လာသော ကျောင်းသူ၊ ကျောင်းသားလေးများအား ရင်းရင်းနှီးနှီး လိုက်လံအားပေး နှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

စည်သူ​(ပြန်/ဆက်)