တောင်သာ ဇန်နဝါရီလ ၁၁
တောင်သာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယနေ့နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးရဲဝင်းအောင်က ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန်၊ ကျောင်းသား/ကျောင်းသူများ ယခုလိုပြိုင်ပွဲကျင်းပခြင်းကြောင့် အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထကောင်းများ ရရှိစေရန်၊ လူအများရှေ့တွင် ပြောရဲဆိုရဲတတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ ယခုလိုပြိုင်ပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်းတို့ကို ရှင်းလင်းပြောကြားပြီးနောက် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲများအား ဆက်လက်ကျင်းပပြသရာ ကျောင်းသား/ကျောင်းသူများက အသီးသီးကြည့်ရှုကြပြီးနောက် ကျောင်းသား/ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မုန့်များကျွေးမွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို အနောက်ရပ်အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းသား/ ကျောင်းသူ (၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)