မြစ်ကြီးနား ဇန်နဝါရီ ၁၁
(၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ရန် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ရောက်ရှိနေသာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဇန်နဝါရီ (၉)ရက်က မွန်းလွဲ ၃ နာရီက ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းရှေ့၌ ကျင်းပသည့် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
ထိုသို့ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ကချင်ပြည်နယ်သည် မတူကွဲပြားခြားနားသည့် မြေနိမ့်မြစ်ဝှမ်းလွင်ပြင်များမှသည် ရေခဲဖုံးလွှမ်းသည့် တောင်မြင့်များထိ ဂေဟဇုံအမျိုးမျိုးပါဝင်ပြီး ကောက်ပဲသီးနှံမျိုးစုံ၊ သစ်သီးဝလံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းသည်ကို တွေ့ရပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်ချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး သာယာဝပြောသည့် နိုင်ငံ၊ စားရေရိက္ခာပေါများပြီး နိုင်ငံသူ၊ နိုင်ငံသားများအားလုံး စားနပ်ရိက္ခာဖူလုံစွာဖြင့် အဟာရပြည့်ဝစွာ ရရှိရေးအတွက် မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝရေး၊ အစားအစာဘေးကင်းလုံခြုံမှုရှိစေရေး၊ အရည်အသွေးကောင်းမွန်ရေး၊ ဈေးကွက်ရရှိရေးနှင့် တောင်သူလယ်သမားများ ဝင်ငွေတိုးတက်ရေးတို့အတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ဈေးကွက်ရရှိရေးသည် အရေးကြီးသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း၊ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာစေရေးအတွက် စိုက်ပျိုးမွေးမြူရေးထွက်ကုန်များကို ဘေးအန္တရာယ်ကင်းရှင်းပြီး ဈေးကွက်ပိုမိုရရှိစေရန်နှင့် သာယာလှပသည့် မြစ်ချောင်းတောတောင် ရေမြေသဘာဝတွေကို မပျက်စီးမထိခိုက်စေရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP)ကျင့်စဉ်ကို လိုက်နာကျင့်သုံးဖို့ရန် လိုအပ်မှာဖြစ်ကြောင်း၊ အနာဂတ်တွင်တိုးပွားလာမယ့် လူဦးရေစားသုံးရန်အတွက်သာမက စိုက်ပျိုးရေးထွက်ကုန်ကို အခြေခံသည့် (MSME)လုပ်ငန်းများကို အားပေးကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးကို ဆောင်ရွက်နေပါကြောင်း၊ ထို့အပြင် ၂၀၂၄ ခုနှစ်သည် အားကောင်းသော အယ်နီညိုဖြစ်စဉ် ရာသီဥတုကြောင့် အပူလွန်ကဲခြင်း၊ မြေပေါ်ရေကန်များ ခမ်းခြောက်ခြင်း၊ မြေအောက်ရေမျက်နှာပြင် နိမ့်ကျခြင်းများဖြစ်ပေါ်နိုင်ပြီး စိုက်ပျိုးရေနှင့် သောက်သုံးရေ အခက်အခဲဖြစ်ပေါ်လာနိုင်သသည်ကို သတိထားရမှာဖြစ်ပြီး ကြိုတင်ပြင်ဆင်မှုများကိုလည်း ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေပါ ရည်ရွယ်ချက်များနှင့် ဦးဆောင်အဖွဲ့၏ လုပ်ငန်းတာဝန်များတွင် ပါဝင်သည့် “တောင်သူလယ်သမားများအတွက် နည်းပညာ၊ သွင်းအားစု(မျိုးစေ့၊ ဓါတ်မြေဩဇာ၊ သဘာဝမြေဩဇာ)များကို လွယ်ကူအဆင်ပြေစွာရရှိသုံးစွဲနိုင်ရေး၊ ဈေးကွက်ရရှိရေးအတွက် ပံ့ပိုးကူ ညီစီမံဆောင်ရွက်ရန်” ဆိုသည့် ပြဋ္ဌာန်းချက်နှင့်အညီ ယခုကဲ့သို့ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြိုင်ပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ အရည်အသွေးကောင်း ထုတ်လုပ်သော သီးနှံထုတ်ကုန်များသည် ဒေသအတွက် နိုင်ငံခြားဝင်ငွေများစွာ ရရှိစေမည်ဖြစ်အတွက် အစိုးရဌာနနှင့် ပုဂ္ဂလိကတောင်သူများ ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံ့အကျိုးစီးပွားကို ရှေးရှုဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ယင်းနောက် ပြည်နယ်ဦးစီးမှူး ဦးဌေးလွင်က ပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သက်ပြီး ပြိုင်ပွဲဝင်သီးနှံ အမျိုးအစား (၁၂)မျိုး ထည့်သွင်းကျင်းပခဲ့ပြီး အုပ်စုတူများ ခွဲခြားဆောင်ရွက်ခဲ့ကြောင်း၊ အမှတ်ပေးသောနေရာမှာ အပင်၊ အသီး၊ အပွင့်၊ အထုပ်၊ ဥကြီးထွားသန်စွမ်းမှု၊ ပိုးမွှားရောဂါကင်းရှင်းမှု၊ ဆွဲဆောင်နိုင်စွမ်းရှိမှု၊ လှပမှု၊ ရှားပါးမှု စသောအချက်များကို အခြေခံ၍ အမှတ်ပေးဇယားဆွဲပြီး စနစ်တကျ အကဲဖြတ်အမှတ်ပေးခဲ့ကြောင်း ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးနှင့် ပြည်နယ်ဦးစီးမှူးများက သီးနှံ/ပန်းမန် အမျိုးအစားအလိုက် ပြိုင်ပွဲတွင် ဆုရရှိသည့် တောင်သူပုဂ္ဂလိကလုပ်ငန်းရှင်များကို ဂုဏ်ပြုဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
ပြည်နယ်(ပြန်/ဆက်)