စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း(သထုံ)၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲ ပြုလုပ်

သထုံ ဇန်နဝါရီ ၁၁

မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့ နံနက်က မြေနီကုန်းကျေးရွာရှိ အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း(သထုံ)၏ ကျောင်းအုပ်ဆရာမကြီး ဒေါ်မို့မို့ထွေးက မောင်မယ်သစ်လွင်များအနေဖြင့် စီနီယာများထံမှ လေ့လာသင်ယူစရာရှိသည်များကို လေ့လာသင်ယူပြီး ကျောင်းမှ ချမှတ်ထားသော စည်းကမ်းများကို တိကျစွာလိုက်နာစေလိုကြောင်း၊ ဆရာ/ဆရာမများ သင်ကြားပေးသော စာတွေ့၊ လက်တွေ့ ဘာသာရပ်အသီးသီးတို့ကို ကြိုးစားသင်ယူပြီး စိုက်ပျိုးမွေးမြူရေးအတတ်ပညာဖြင့် ကျောင်း၏ဂုဏ်ကို ဆောင်နိုင်သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ကြိုဆိုနှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(သထုံ)ကျောင်းအုပ်ဆရာမကြီး၊ ဒုတိယ‌ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူတို့က နှစ်အလိုက် ပညာရည်ချွန်ဆုများရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ဆောင်းပါး၊ ပန်းချီ၊ ကဗျာပြိုင်ပွဲများနှင့် ကျောင်းတွင်းအားကစားပြိုင်ပွဲတို့မှ ဆုရ ကျောင်းသူ၊ ကျောင်းသားများကို ဂုဏ်ပြုဆုများ ချီးမြှင့်ပေးခဲ့ကြသည်။

အဆိုပါကြိုဆိုပွဲတွင် မွန်၊ ကရင်၊ ပအိုဝ်း တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကများ၊ တေးသီချင်းများဖြင့် ဖျော်ဖြေခြင်း၊ King & Queen ရွေးချယ်ချီးမြှင့်ခြင်း၊ ကံစမ်းမဲများ ဖွင့်ဖောက်ပေးခြင်းတို့ကို တပျော်တပါး ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)