ပုသိမ်ကြီး အောက်တိုဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပရာ၌ လုံခြုံရေးတာဝန်များ ထမ်းဆောင်နိုင်ရန် အထူးရဲသင်တန်း ဖွင့်လှစ်ထားရှိရာ သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉နာရီက ပုသိမ်ကြီး အထကရှိ အောင်ဇဗ္မူခန်းမဆောင်၌ ကျင်းပရာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညွန့်လင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှမြင့်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးညွန့်ဆန်း၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင့်လွင်ဦး နှင့် ဖိတ်ကြားထားသူများ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
ရျေးဦးစွာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှမြင့်က အဖွင့်အမှာစကားပြောကြားပြီး၊ အထူးရဲသင်တန်း ပို့ချပေးသော နည်းပြဆရာများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။ ပုသိမ်ကြီးမြို့နယ်တွင် မဲရုံပေါင်း (၁၃၉)ရုံ၊ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူပေါင်း တစ်သိန်းရှစ်သောင်း ခန့်ရှိကာ ၂၀၂၀ပြည့်နှစ် ပါတီစုံ အထွေထွေရွေး ကောက်ပွဲအတွက် သင်တန်းဆင်း အထူးရဲတပ်ဖွဲ့ဝင် (၁၃၉)ဦး မှ တာဝန်ကျ မဲရုံများတွင် အသီးသီးတာဝန် ထမ်းဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇာနည်ကိုကို