ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး) ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ဆုနှင်းပွဲကျင်းပ

တောင်ကြီး ဇန်နဝါရီ ၁၀

ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး) ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဆုနှင်းပေးအပ်ပွဲကို ယနေ့နံနက်(၈)နာရီက ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး) ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

ဦးစွာ ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး) ကျောင်းသား၊ ကျောင်းသူများမှ မြကျွန်းညိုညို တေးသီးချင်းဖြင့် နှုတ်ခွန်းဆက်သီဆိုဖျော်ဖြေကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ကွန်ပျူတာတက္ကသိုလ် (တောင်ကြီး)ကို ၂၀၀၀ ပြည့်နှစ်၊ သြဂုတ်လ(၁၅)ရက်နေ့တွင် အစိုးရကွန်ပျူတာကောလိပ်အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး စက်တင်ဘာလ(၄)ရက်နေ့တွင် သင်တန်းများ စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ပါကြောင်း၊ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ(၂၀)ရက်နေ့တွင် တက္ကသိုလ်အဆင့်အဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့ရာ ယခုဆိုလျှင် သက်တမ်း(၂၄)နှစ်ရှိပြီဖြစ်ကြောင်း၊ ကွန်ပျူတာသိပ္ပံဘွဲ့၊ ကွန်ပျူတာနည်းပညာဘွဲ့၊ ဘွဲ့လွန်ကွန်ပျူတာ ဒီပလိုမာဘွဲ့နှင့် မဟာဘွဲ့ရကျောင်းသား၊ ကျောင်းသူများ(၁၄၅၆)ဦးခန့်ကို မွေးထုတ်ပေးခဲ့ပြီး လက်ရှိပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူဦးရေ(၇၇၇)ဦးခန့် တက်ရောက်ပညာသင်ကြားနေမှုကို သိရသည့်အတွက် များစွာဂုဏ်ယူမိပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ယခုပညာနှင့် တင်းတိမ်မနေဘဲ နိုင်ငံတော်နှင့် လူသားများကို အကျိုးပြုလာနိုင်သည်အထိ သုတေသနလုပ်ငန်းများလုပ်ဆောင်၍ ပညာကို စဥ်ဆက်မပြတ် လေ့လာဆည်းပူးနေကြရန် အလေးအနက်မှာကြားလိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ရရှိထားသည့် ဘာသာရပ်ဆိုင်ရာ အခြေခံကောင်းများပေါ်မူတည်ပြီး အလုပ်ခွင်တွင် လက်တွေ့အသုံးချနိုင်အောင် ကွန်ပျူတာပညာရပ်များကို ဆက်လက်ကြိုးစားသွားကြရန်နှင့် ဆန်းသစ်တီထွင်မှုများကိုလည်း ဆက်လက်ဖော်ထုတ်သွားကြရန် ပြောကြားသည်။

ဆက်လက်၍ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်ခွင့်အောင်မြင်ပြီး ပထမနှစ်သင်တန်းသို့ ဝင်ခွင့်အမှတ်အများဆုံးရရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၌ ပဥ္စမနှစ် ကွန်ပျူတာသိပ္ပံသင်တန်းတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဆုချီးမြှင့်ပေး၍လည်းကောင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ် ကွန်ပျူတာသိပ္ပံနှင့် နည်းပညာ(Junior)နှင့် ပထမနှစ်ကွန်ပျူတာသိပ္ပံနှင့် နည်းပညာ(Senior)သင်တန်းတွင် ဆုရရှိသူများ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ ဒုတိယနှစ် ကွန်ပျူတာသိပ္ပံနှင့် ဒုတိယနှစ် နည်းပညာသင်တန်းတွင် ဆုရရှိသူများ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ စတုတ္ထနှစ် ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာသင်တန်းတွင် ဆုရရှိသူများ၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများကို ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းတို့က အသီးသီးဆုများ ချီးမြှင့်ပေးကြသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများမှ ထာဝရသစ္စာတေးသီချင်းဖြင့်လည်းကောင်း၊ ရှမ်း၊ ပအိုဝ်းတိုင်းရင်းသားရိုးရာအကဖြင့် ကပြဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)အတွက် ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာခင်စန္ဒာအောင်မှ လက်ခံရယူပြီး ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး) ကျောင်းသား၊ ကျောင်းသူများ၏ Project Show တို့ကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် နည်းပညာတက္ကသိုလ်(တောင်ကြီး) မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ရှမ်းပြည်နယ်နေ့အကြို Project ပြပွဲအခမ်းအနား တက်ရောက်ရာ နည်းပညာတက္ကသိုလ်(တောင်ကြီး) ကျောင်းသား၊ ကျောင်းသူများမှ တေးဆိုဌက်ကယ်နှင့် ရနံကြွယ်ပန်းတေးသီချင်းဖြင့် ကြိုဆိုနှုတ်ခွန်းဆက် သီဆိုဖျော်ဖြေကြသည်။

ယင်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ကြိုဆိုနှုတ်ခွန်းဆက် အဖွင့်အမှာစကားပြောကြားပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ သိပ္ပံနည်းပညာဝန်ကြီးဌာန၊ တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲတွင် သွားရောက်ယှဥ်ပြိုင်မည့် အားကစားသမားများအား အောင်နိုင်ရေးအလံနှင့် ဂုဏ်ပြုချီးမြှင့်ငွေ၊ နည်းပညာတက္ကသိုလ်(တောင်ကြီး) ကျောင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးကပေးအပ်ရာ နည်းပြနှင့်အားကစားသမားများနှင့် နည်းပညာတက္ကသိုလ်(တောင်ကြီး) ပါမောက္ခချုပ် ဒေါက်တာခင်ထိုက်ထိုက်လွင်တို့မှ လက်ခံရယူပြီး (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ Essay ဆုရရှိသူများနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် နှစ်အလိုက် ထူးချွန်စွာဖြေဆိုအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဇနီးတို့မှ အသီးသီးဆုများ ချီးမြှင့်ပေးကြသည်။

ဆက်လက်၍ နည်းပညာတက္ကသိုလ်(တောင်ကြီး) ကျောင်းသား၊ ကျောင်းသူများမှ ထာဝရမြန်မာ တေးသီချင်းဖြင့်လည်းကောင်း၊ ရှမ်းရိုးရာအကများဖြင့် ကပြဖျော်ဖြေကြပြီး ရှမ်းပြည်နယ်နေ့အကြို Project Show(2024)အား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(ပြန်/ဆက်)