ကမ္ဘာတစ်ဝန်း၌ နှစ်စဉ်သားအိမ်ခေါင်းကင်ဆာဖြစ်ပွားသော အမျိုးသမီး ၆ သိန်းခန့်တွင် ၃ သိန်းကျော်သေဆုံးနေမှုအား အိတ်ချ်ပီဗီကာကွယ်ဆေးထိုးခြင်းဖြင့် ကာကွယ်နိုင်

မန္တလေး၊ အောက်တိုဘာ ၂၈

ကမ္ဘာတစ်ဝန်၌ နှစ်စဉ်အမျိုးသမီး ၆သိန်းခန့်တွင် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားခဲ့၍ ၎င်းတို့ အနက် ၃သိန်းကျော်သေဆုံးခဲ့ကြောင်း ကမ္ဘာတစ်ဝန်းလုံး အသက်အလိုက်တွက်ချက်ထားသော သားအိမ်ခေါင်းကင်ဆာကြောင့် သေဆုံးမှုနှုန်း ၂၀၁၈ ခုနှစ်စာရင်းများအရ သိရသည်။

“ကမ္ဘာတစ်ဝန်းလုံးမှာ အမျိုးသမီးတွေမှာဖြစ်တဲ့ ကင်ဆာတွေထဲမှာ သားအိမ်ခေါင်းကင်ဆာဟာ စတုတ္တမြောက်အများဆုံး ကင်ဆာဖြစ်တယ်၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ အမျိုးသမီးသမီးတွေထဲမှာ ဒုတိယမြောက်ကင်ဆာပဲဖြစ်တယ်၊ ကင်ဆာတွေအများကြီးရှိတဲ့အနက် ကင်ဆာအားလုံးဖြစ်ပွားမှု ရဲ့ ၂၃ဒသမ၅ရာခိုင်နှုန်းဟာ သားအိမ်ခေါင်းကင်ဆာဖြစ်နေတာတွေ့ရတယ်၊ ဖြစ်တဲ့အသက်အပိုင်းအခြားက အသက် ၁၅နှစ်ကနေ ၄၅ နှစ်အရွယ် အမျိုးသမီးတွေထဲမှာ အဖြစ်အများဆုံးနဲ့ သေဆုံးနေ တာတွေ့ရတယ်”ဟု မန္တလေးတိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဦးစီး မှူး ဒေါက်တာသန်းသန်းမြင့်ကပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၁၆ခုနှစ်က ပြုလုပ်သော စစ်တမ်းအရ သားအိမ်ခေါင်းကင်ဆာလူနာများ တွင် DNA GeneXpert HPV Assay စစ်ဆေးရာ ၈၆ ရာခိုင်နှုန်းသောလူနာများ၌ အိတ်ချ်ပီဗီရောဂါပိုး တွေ့ရှိခဲ့ကြောင်း၊ အဆိုပါပိုးတွေ့လူနာများ၏ ၈၂ ရာခိုင်နှုန်းတွင် အန္တရာယ်များသော အမျိုးအစားများဖြစ်သည့် ၁၆ နှင့် ၁၈ ကူးစက်ခံထားရကြောင်း သိရသည်။

“အိတ်ချ်ပီဗီပိုး အမျိုးအစား ၁၀၀ ကျော်ရှိတဲ့အနက်မှာ အန္တရာယ်အများဆုံးသော အမျိုးအစား ကတော့ ၁၄ မျိုးရှိတယ်၊ အဲဒီ ၁၄ မျိုးထဲမှာ အန္တရာယ်အများဆုံးက ၁၆ နဲ့ ၁၈ ဖြစ်ပါတယ်၊ ကူးစက်ပုံနည်းလမ်းတွေက လိင်ဆက်ဆံတာနဲ့ ကူးနိုင်သလို အရေပြားချင်းထိတွေ့ခြင်းကနေတစ်ဆင့်ကူးစက် နိုင်တယ်၊ ရောဂါလက္ခဏာဖြစ်ခါစမှာ အမျိုးသမီးတစ်ယောက်ဟာ ပုံမှန်သွေးဆင်းနေရာကနေ ပုံမမှန်တော့ဘူး၊ ရာသီသွေးပေါ်တဲ့အခါမှာလည်း တစ်ကြိမ်နဲ့တစ်ကြိမ်ကြားမှာ သွေးဆင်းမှုတွေ ပေါ်လာတယ်၊ အရိအချွဲလေးတွေဆင်းတယ်၊ တစ်ခါတရံမှာအပုပ်နံ့တွေထွက်တယ်၊ ရာသီသွေးဆုံးပြီး နောက်မှာလည်း သွေးတွေပြန်ဆင်းလာတာတွေ့ရတယ်၊ နောက်ဆုံးအဆင့်ကတော့ ကိုယ်အလေးချိန်ကျမယ်၊ ခံတွင်းတွေပျက်မယ် နောက်ဆုံး ကင်ဆာရဲ့ ရောဂါလက္ခဏာတွေကြောင့်ပဲ သေဆုံးတဲ့ အဆင့်ရောက် ရှိသွားနိုင်ပါတယ်”ဟု ဆက်လက်ပြောသည်။

သားအိမ်ခေါင်းကင်ဆာကာကွယ်ခြင်းများအနေဖြင့် ပဏာမအဆင့်ကာကွယ်ခြင်းတွင် အသက် ၉ နှစ် မှ ၁၄ နှစ် မိန်းကလေးများကို အိတ်ချ်ပီဗီကာကွယ်ဆေးထိုးပေးခြင်း၊ ဒုတိယအဆင့်ကာကွယ်ခြင်းတွင် ပဏာမအဆင့်ကို မမီလိုက်ပါက အသက် ၃၀ နှစ်နှင့် ၄၀ နှစ်အတွင်း အမျိုးသမီးများအနေဖြင့် သားအိမ်ခေါင်းကင်ဆာ ရှိ/မရှိ အကြိုအဆင့်စစ်ဆေးခြင်းကို သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများထံပြသပြီး စစ်ဆေးရန်ခံယူခြင်း၊ တတိယအဆင့်ကာကွယ်ခြင်းတွင် သားအိမ်ခေါင်းကင်ဆာဖြစ်နေသည့်အတွက်ကြောင့် လိုအပ်သော ထိရောက်သည့် ကုသမှုများကို တစ်ပြိုင်တည်းလုပ်ဆောင်ပေးခြင်းတို့ဖြစ်ကြောင်း သိရသည်။

အိတ်ချ်ပီဗီကာကွယ်ဆေးဟာ ကင်ဆာရောဂါကိုကာကွယ်နိုင်သည့် ကာကွယ်ဆေးတစ်မျိုးဖြစ်ပြီး Human Papilloma Virus လို့ခေါ်သည့် အိတ်ချ်ပီဗီ(HPV)ပိုးကြောင့် ဖြစ်တတ်သည့် သားအိမ် ခေါင်းကင်ဆာနှင့် မျိုးပွားလမ်းကြောင်းတွင်ဖြစ်ပွားတတ်သည့် ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်မည် ဖြစ်ကြောင်း၊ အိတ်ချ်ပီဗီကာကွယ်ဆေးကို အသက် ၉ နှစ်မှ ၁၀ နှစ်အရွယ် မိန်းကလေးငယ် များတွင် ထိုးနှံပေးခြင်းဖြင့် ကာကွယ်မှုကို အစောဆုံးရရှိနိုင်မည်ဖြစ်ကြောင်း၊ မိန်းကလေးတစ်ဦး အတွက် အိတ်ချ်ပီဗီကာကွယ်ဆေး တစ်ကြိမ်စာ တန်ဖိုးမှာ ၄ ဒသမ ၅ အမေရိကန်ဒေါ်လာဖြစ်ပြီး နိုင်ငံတော်ဘဏ္ဍာငွေမှ ၁၀ ရာခိုင်နှုန်းနှင့် Gavi, the vaccine alliance မှ ၉၀ ရာခိုင်နှုန်းကုန်ကျကြောင်း သိရသည်။

ထိပ်ထားနိုင်