သဘာဝဘေးဒဏ်ခံနိုင်သော ရပ်ရွာအသိုက် အဝန်းဖြစ်ပေါ်စေရေးအတွက် အိုးအိမ်များအား ပြင်ဆင်မွမ်းမံပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ကျိုက်မရော ဇန်နဝါရီ ၁၀

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးဆောင်၍ ပိန်းနဲကုန်းကျေးရွာနှင့် ကလိုင်းကနိုင်ကျေးရွာတို့ရှိ ဆင်းရဲနွမ်းပါးပြီး သဘာဝဘေးကျရောက်လျှင် ကြံ့ခိုင်မှုမရှိသော နေအိမ်များအား မိုးကြိုကာလတွင် လေဘေးကြိုတင်ကာကွယ်ရေး အားဖြည့်ပြင်ဆင်ခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကလိုင်းကနိုင်ကျေးရွာရှိ အိမ်ရှင် ဦးနိုင်ဦး၏ နေအိမ်အားစတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါလုပ်ငန်းများဆောင်ရွက်ရာသို့ မွန်ပြည်နယ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဖြိုးဝေဝင်း၊ ကျိုက်မရောမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်သောင်းဦးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနဝန်ထမ်းများ၊ ပရဟိတအဖွဲ့စေတနာရှင် လုပ်အားပေးများ ရပ်မိရပ်ဖများပူးပေါင်းပြီး ကြံခိုင်မှုမရှိသော နေအိမ်များအား ကြံခိုင်စေရန် အားဖြည့်ပြင်ဆင်ခြင်းများကို စတင်ဆောင်ရွက်ပေးခဲ့ကြသည်။

ယင်းနောက် နွေဦးကာလနှင့် မိုးကြိုကာလရာသီပြောင်းချိန်တွင် မုန်တိုင်းကျရောက်လေ့ရှိသဖြင့် ရပ်ကွက်/ ကျေးရွာအတွင်းရှိ ဆင်းရဲနွမ်းပါးအိမ်ထောင်စုများ၊ အိုမင်းမစွမ်းအိမ်ထောင်စုများ၏ နေအိမ်များကို လေပြင်းဒဏ်ကြောင့် ထိခိုက်မှုနည်းနိုင်သမျှ နည်းပါးစေရန် အသိပညာပေးဟောပြောပွဲများ ကျင်းပခြင်း၊ လေပြင်းဒဏ်ကြံ့ကြံခံနိုင်စေရန် အိုးအိမ်များကို အားဖြည့်ပြင်ဆင်မှုဖြင့် သွပ်နန်းကြိုးများ တုပ်ဆိုင်းပေးခြင်း၊ ကျားကန်ထောင်မတ်ပေးခြင်း၊ ဝါးထရံ၊ ဓနိ၊ သက်ကယ်များ အသုံးပြု၍ ပြင်ဆင်ခြင်းလုပ်ငန်းများကို မွန်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လူမှုရေးအသင်းအဖွဲ့များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဏာရေးနှစ်၊ ဧပြီလ ၁ ရက်မှ ဒီဇင်ဘာ (၃၁)ရက်နေ့အထိ သဘာဝဘေး(၅၇)ကြိမ်ဖြစ်ပွားခဲ့ပြီး ထောက်ပံငွေနှင့် ထောက့်ပံရေးပစ္စည်း (၉၁၃) သိန်းကျော် ထောက်ပံပေးနိုင်ခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဖြိုးဝေဝင်းထံမှ သိရသည်။

ချိုမြတ်ထွေး (ပြန်/ဆက်)