ကျိုက်မရောမြို့ အ.ထ.က ကျောင်း၌ ခွေးရူးရောဂါ ကာကွယ်တားဆီးရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ကျိုက်မရော ဇန်နဝါရီ ၁၀

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် “ခွေးရူးရောဂါကင်းစင် မြန်ပြည်တစ်ခွင်” ၂၀၃၀ တွင် ရည်မှန်းချက် ဆောင်ပုဒ်နှင့်အညီ မြန်မာနိုင်ငံ တွင်ခွေးရူးရောဂါ ကာကွယ် စောင့်ရှောက်ရေးစီမံချက်အရ အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ ခွေးရူးရောဂါကာကွယ်ရေးနှင့် ကူးစက်ပျံ့နှံပုံအကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက အ.ထ.က (ကျိုက်မရော) ကျောင်း ခန်းမ၌ ပြုလုပ်ခဲ့သည်။

ဦးစွာ မော်လမြိုင်ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်မှူးဒေါက်တာအေချမ်းက ခွေးရူးရောဂါကာကွယ်တားဆီးရေးနှင့် ခွေးရူးရောဂါကူးစက်ပျံနှံပုံကို ရုပ်ပုံပိုစတာများဖြင့် ရှင်းလင်းဟောပြောကာ ကျန်မာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး အဆင့် (၁) ဒေါ်ရီရီဝင်း ကမည်သူမဆို ခွေးကိုက်ခံရပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံးလာရောက်၍ ခွေးရူးရောဂါ ကာကွယ်ဆေးမဖြစ်မနေထိုးနှံကြရန်နှင့် အသိပညာပေးလက်ကမ်းစာစောင်တွင် ပါရှိသည့် ခွေးရူးရောဂါလက္ခဏာများကို လေ့လာသိရှိထားပြီး ရောဂါကာကွယ်ရန် နည်းလမ်းများအတိုင်း ပြုမူနေထိုင်ကြရန် ပညာပေးဟောပြောခဲ့သည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ချိမြတ်မြတ်ထွေးက ခွေးရူးရောဂါဖယ်ရှားရေး၊ ကာကွယ်ဆေးထိုးကာ ပညာပေး Rabies: Educate,Vaccinate, Eliminate ခေါင်းစဥ်ဖြင့် ပညာပေးဟောပြောခဲ့သည်။

ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများအား ခွေးရူးရောဂါကာကွယ်တားဆီးရေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)