ဒဂုံတောင် ဇန်နဝါရီ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်နိုင်ဦးဆောင်သော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စစ်ကြောင်းမှူးနှင့် ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့သည် စစ်ကြောင်းကြီးငါးကြောင်းဖြင့် ပြည်သူလူထုတွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ (၂၂)ရပ်ကွက်၊ သာသနာ့ဝေပုလ္လဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်နှင့်အဖွဲ့ဝင်များ၊ စစ်ကြောင်းမှူး ဗိုလ်မှူး အောင်နိုင်မြင့်၊ မြို့နယ်လျှပ်စစ်၊ မြို့နယ်ပညာရေး၊ မြို့နယ်ကျန်းမာရေး၊ မြို့နယ်မီးသတ်၊ မြို့နယ်စည်ပင်များ ပါဝင်သော ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ အင်အား (၁၀၀) ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် အုပ်ချုပ်ရေးစစ်ကြောင်းခေါင်းဆောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်ဦးဆောင်ကာ စစ်ကြောင်းမှူးနှင့် စစ်ကြောင်းအသီးသီးရှိ ဌာနဆိုင်ရာတာဝန်ရှိသူများက ရပ်ကွက်အတွင်းအုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ပြည်သူလူထုလိုအပ်ချက်များနှင့် ပတ်သက်သောအကြောင်းအရာများကို ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးကြပြီး တက်ရောက်လာသော ပြည်သူများ၏ တင်ပြချက်များကိုလည်း ပေါင်းစပ်ညှိနှိုင်းပေးကြကြောင်း သိရသည်။
သန်းသန်းအေး