မိတ္ထီလာ ဇန်နဝါရီ ၁၀
မိတ္ထီလာမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အထူးအောင်ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော ကျပန်းစကားပြောပြိုင်ပွဲနှင့် စကားရည်လုပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အဆိုပါပြိုင်ပွဲဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဇော်အောင်လေးက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ အထူးအောင်ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းအုပ် ဦးခင်မောင်ညွန့်က ကျေးဇူးတင်စကားပြောကြားသည်။ အဆိုပါ ကျပန်းစကားပြောပြိုင်ပွဲနှင့် စကားရည်လုပြိုင်ပွဲအခမ်းအနားတွင် မြို့နယ်စာရေးဆရာအသင်းမှ အတွင်းရေးမှူး စာရေးဆရာကြည်သိန်းဇော်နှင့် စာရေးဆရာမြင့်မားအောင်တို့က ပြိုင်ပွဲကျင်းပရသည့်ရည်ရွယ်ချက်များနှင့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲနှင့် စကားရည်လုပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ကျောင်းသား/ကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိကြသူများအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်နှင့် ကျောင်းအုပ်ဦးခင်မောင်ညွန့်တို့က ပေးအပ်ချီးမြှင့်ခဲ့ပြီး ပါဝင်ယှဉ်ပြိုင်သည့် ကျောင်းသူ/ကျောင်းသားများအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ကျောင်းမှတာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ချမ်းသာ